Saturday, November 17, 2012

သင်္ကြန်ထမင်း စားကြရအောင်

သင်္ကြန်ထမင်း

သင်္ကြန်ရက်အတွင်း၌ အထူးသဖြင့်မြန်မာပြည်အောက်ပိုင်းတွင် သင်္ကြန်ထမင်းကျွေးလှူလေ့ရှိသည်။ သင်္ကြန်ထမင်းဆန်ကို ထမင်းချက်၍ ထမင်းကိုရေဆေးထားပြီး ဖယောင်းနံ့သင်းထားသောရေဖြင့်ဆမ်း၍ သင်္ကြန်စာနှင့်စားရသော အာဟာရတစ်မျိုးဖြစ်သည်။ သင်္ကြန်စာမှာ ငါးခြောက်(အထူးသဖြင့် ငါ့ရံ့ခြောက်) ကို ပြုတ်၍ သရက်သီးနှင့်သုပ်ထားသော ငါးခြောက်သရက်သုပ်တစ်မျိုးဖြစ်သည်။ သရက်သီးမှာအချဉ်ပေါက်ရုံမျှဖြစ်ပြီး ငါးခြောက်ကများသည်။ ဖယောင်းနံ့သင်းထားသောရေဖြင့် ဆမ်းနှစ် ထားသော ထမင်းကို ဇွန်းဖြင့်ကော်ယူပြီး သင်္ကြန်စာခေါ် ငါးခြောက်-သရက်သီးသုပ်နှင် ရောမြှုပ်၍စားသည်။ ခံတွင်းမြိန်၍ အရသာထူးသဖြင့် ကြိုက်နှစ်သက်သူ များသည်။ သင်္ကြန်ထမင်းကို မော်လမြိုင်တွင်သင်္ကြန်ရောက်တိုင်း ပြုလုပ်စားသုံးကြသည်ဟု မှတ်သားသိရှိရသည်။

သင်္ကြန်ထမင်းလုပ်နည်းအဆင့်ဆင့်အား ဖော်ပြပေးလိုက်ပါသည်။

သင်္ကြန် ထမင်းပြုလုပ်ရန်အတွက်ဆန်ကို ရေဆေး၊ အိုးထဲထည့်ပြီးဆန်ပြုတ်အိုးတည်သကဲ့သို့ရေများများထည့်၍ပြုတ်ပါ။
၎င်းထမင်းအိုးဆူရုံနှင့်မရဘဲ ဆန်များတော်တော်ကွဲ၍ လက်ဖြင့်ချေလိုက်လျှင်ကြေသွားသည်အထိ နူးအိနေအောင်ပြုတ်ပါ။ ထို့နောက် ဆန်ခါခံ၍ ထမင်းအိုးကိုသွန်ချလိုက်ပါ။ ခံထားသောဆန်ခါပေါ်တင်နေသောထမင်းများ ကိုရေအေးအေးဖြင့် အေးစက်သွားသည်အထိ ကြာကြာဖျန်းပေးပါ။ (ဖြစ်နိုင်လျှင်လက်ကိုင်ရေပန်းခရားအငယ်စားလေးဖြင့် ဖျန်းပေးပါ)
ထိုအခါ
ဆန်ခါထဲမှထမင်းများသည် ထမင်းရည်များ ကုန်စင်သွားသည့်အပြင် ဆန်တွင်ပါရှိသောက ဆီဓာတ်များပါရေတွင်ပျော်ဝင်ပါဝင်သွားကာမုန့်လက်ဆောင်းဖတ်ကဲ့သို့ပျော့စိပွအိ သွားပြီဖြစ်သည်။  ဖယောင်းသင်းရေရရှိရန်မြေသောက်ရေအိုးဖြင့် အများဆုံးပြုလုပ်ကြလေ့ရှိသည်။ သန့်ရှင်းသောမြေသောက်ရေအိုးအလွတ်ထဲတွင်သေချာစွာဆေးကြောထားသည့်ကျောက်ခဲသန့်သန့်ကိုခံ၍ ဖယောင်းတိုင်ထွန်း၍သော် လည်းကောင်း၊ မြေခွက်ငယ်ထဲတွင် မီးကျီခဲအနည်းငယ်ထည့်ပြီး၎င်း
 အပေါ်ဖယောင်းခဲငယ်များနှင့်နံ့သာစ နည်းနည်းထည့်၍မွှေးကြိုင်ညှော်သောမီးခိုးထွက်လာပါက သောက်ရေအိုးထဲ မီးခွက်ထည့်လိုက်ပြီးရေစို အ၀တ်သန့်သန့်နှစ်ထပ်ကို ရေညှစ်၍ အိုးကိုအုပ်လိုက်သောအခါ ရေစိုအ၀တ်ကြောင့် မီးသေသွားပြီး ဖယောင်းနှင့်နံ့သာနံ့များမှာ အိုးထဲတွင်စွဲကျန်ရစ်ပါက မီးခွက်ကိုအိုးထဲမှထုတ်လိုက်ခြင်းဖြင့်သော်လည်းကောင်း၊ ဖယောင်းသင်းနံ့ရရှိအောင်ပြုလုပ်ကြသည်။ ဖယောင်းသင်းနံ့စွဲကျန်နေသောအိုးထဲသို့သောက်ရေကို ထည့်ကာအဖုံးပိတ်ထားပါကဖယောင်းသင်းရေကိုရရှိမည်ဖြစ်သည်။ ၎င်းရေကုန်သွားပါကထပ်ဖြည့်ရုံသာဖြစ်သည်။

ငါးခြောက် ထောင်းကြော်ပြုလုပ်ပုံမှာငါးကွန်းရှပ်ခြောက်ကို ရေစင်စင်ဆေး၍ အိုးထဲတွင် ရေမြုပ်ရုံထည့်ပါ။ ငါးခြောက်များ နူး၍ ပွလာသောအခါ အအေးခံ၍အသားနွှင်ကာ ဆုံထဲထည့်ထောင်းပါ။ ငါးခြောက် သက်သက်ကိုသာ ကြော်ပါက အငန်ကဲ နေမည်ဖြစ်သောကြောင့်ပွပွနှင့် မွမွဖြစ်ကာအချိုလေးစေရန်ပုစွန်ခြောက်ရောရမည်ဖြစ်သည်။ ပုစွန်ခြောက်ကို ရေစင်စင်ဆေး
 ၍ထောင်းကာ ငါးခြောက်နှင့်ဆတူရောပါ။ အချို၊ အငန်တွဲပြီးပါက အချဉ်ဓာတ် လိုနေပြီဖြစ်ရာ သင်္ကြန်ရာသီတွင်ပေါများလွယ်ကူစွာရရှိသည့်သရက်သီးစိမ်းကိုအသုံးပြုမည်ဖြစ်ပြီးမရမ်းသီးနှင့်လည်းပြုလုပ်နိုင်ပါသည်။

သရက်သီးစိမ်းကိုခြစ်၍အချဉ်ရည်များကုန်စင်အောင်ညစ်ရမည်ဖြစ်ပြီးမရမ်းသီးနှင့်ပြုလုပ်ပါက ပါးပါး လှီး၍ထည့်ရမည်ဖြစ်သည်။ ကြက်သွန်နီကိုလေးစိတ်ကွဲခွဲထားပါ။ အချိုအားဖြည့်သောအနေဖြင့် ကြက်သွန်နီများများထည့်ပါ။ ငါးပိကိုရေဖျော်ထည့်၍မရသောကြောင့် သဲမပါစေရန် ငါးပိစိမ်းကောင်း အနည်းငယ်လိုသည်။ ငါးပိကအချဉ်ဓာတ်ကိုထိန်းပြီးအချိုကဲစေသည်။ ဆနွင်း အနည်းငယ်လည်းလိုသည်။ ရွှေအပ် ငရုတ်သီးကဲ့သို့သေးငယ်သောငရုတ်သီးအခြောက်တောင့်များကိုနီညိုရောင်ဖြစ်လာသည်အထိ ဆီပူထဲတွင်ကြော်၍ပြန်ဆယ်ထားပါ။ ငါးခြောက်ထောင်းကြော်ထဲတွင်ပါဝင်မည့်ပစ္စည်းအားလုံးကိုမကြော်ခင် သမအောင်နယ်ထားပါ၊ (ကြက်သွန်နီမပါသေး)။ မနယ်ဘဲကြော်ပါကအိုးကပ်နိုင်သည်။ အချို၊ အချဉ်၊ အငန်တို့ကို မိမိနှစ်သက်သလို ထပ်ထည့်ပါ။ ၎င်းနောက် ငရုတ်သီး ကြော်ထား၍ အရောင်ကျန်နေသော ဆီထဲသို့ အားလုံးရောထည့်၍ကြော်ပါ။ နူးစေရန်ရေ အနည်းငယ် ထည့်ပါ။ ၁၅ မိနစ်ခန့် ကြော်ပြီး နောက်ဆုံးမှ ကြက်သွန်နီကို ထည့်ပါ။ကြက်သွန်နီများ ပျော့အိမသွားဘဲ စားကောင်းရုံသာ ရှိရပါမည်။ ငါးခြောက် ထောင်းကြော်မှာ သရက်သီး၊ကြက်သွန်တို့ ပါဝင်မှုကြောင့် အခြောက်ကြော်မဟုတ်ဘဲ အစိုကြော်အဖြစ် မွှေးကြိုင်စွဲမက်စားချင်စဖွယ်ဖြစ်နေမည်ဖြစ်သည်။

ကဲ.. သူငယ်ချင်းတို့ရေ.. ဒီနှစ်သင်္ကြန်တော့ သင်္ကြန်ထမင်းလေး လုပ်စားလိုက်ကြရအောင်လား..။ 
  

ရဲရင့်ကိုကို
စာကိုး။   မြန်မာ့ရေးရာ သုတပဒေသာ၊ Theint's blog

သူငယ်ချင်းများ ကျေးဇူးတင်ပါတယ်နော်..။ 

No comments: