Wednesday, October 10, 2012

ကြိုးရှုပ်နေသူများ

ကျွန်တော်တို့စကားဝိုင်းတွင် သူက ငေးငေးငိုင်ငိုင် သုန်သုန်မှုန်မှုန်ဖြစ်နေပါသည်။ ခဏအကြာမှ သူနှင့်သူ့ဇနီးသည် အိမ်ရှင်မတို့ မပြေမလည်ဖြစ်လာခဲ့ကြောင်း သိရပါသည်။ သူက သူ၏ဇနီးငွေမက်ပုံများအကြောင်း၊ သူ့လိုစာသမား တစ်ဦးအတွက် ဓနဥစ္စာရှာဖွေရေးတွင် မည်ကဲ့သို့သောအခက်အခဲများရှိကြောင်းကို ပြောဆိုငြီးတွားပါသည်။ ထို့နောက် သူက "ဖရက်ဒရစ်နိရှေးပြောတာ ဟုတ်တယ်ဗျ။ ထာဝရဘုရားရဲ့ ပထမအမှားက လူကိုဖန်ဆင်းလိုက်ခြင်းပဲ၊ လူဖြစ်လာရတာ ကောင်းကိုမကောင်းပါဘူးဗျာ" သူက ထာဝရဘုရားကိုအပြစ်တင်စကားပြောရင်း ဘဝဒုက္ခများကို ထပ်ဆင့်ငြီးတွားသည်။ 

ထို့နောက်သူက ဆက်၍ "ထာဝရဘုရားရဲ့ ဒုတိယအမှားက မိန်းမတွေကြောင့်ပေါ့ဗျာ။ ကျုပ်တို့ယောက်ျားတွေ ဒုက္ခရောက်လိုက်ကြ တာ ပြောမဆုံးအောင်ပဲ။ တကယ်တော့ မိန်းမဆိုတာ ချောက်ကမ်းပါးပြတ်ကြီးနဲ့တူတယ်ဆိုတာ ဟုတ်တယ်ဗျ။ အဲဒီ မိန်းမဆိုတဲ့ ချောက်ကြီးထဲ ကျသွားပြီဆိုရင် ပြန်တက်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ မလွယ်တော့ဘူး" သူ၏ဘယ်ဘက်နံဘေးတွင် ထိုင်နေသူမိတ်ဆွေက သူ၏စကားကိုထောက်ခံသည့်အနေဖြင့် ဦးခေါင်းတ ညိတ်ညိတ်လုပ်နေသည်။ 

ထိုသို့ဦးခေါင်းညိတ်လိုက်ရင်းမှ မိန်းမဆိုသည်မှာ ယောက်ျားတည်းဟူသော ဝါဂွမ်းကို လွှင့်မှုတ်လိုက်ပါက ၀ါဂွမ်းသည် ရပ်တည်ရာမရလွင့်ပါသွားသကဲ့သို့ ယောက်ျားဖြစ်သူမှာလည်း ရပ်တည်ရာမရနိုင်ဘဲ ဒုက္ခတွေနှင့်ကြုံတွေ့ရကြောင်း၊ မိန်းမဆိုသည်မှာ သခင်နှင့်တူ၍ လင်ယောက်ျားမှာကျွန်နှင့်တူကြောင်း၊ မိန်မအလိုကျ၊ ထိုမိန်းမကမွေးပေးသော သားသမီးများအလိုကျလုပ်ကိုင်ဆောင်ရွက်နေရသည့် ကျွန်အကြီးစားကြီးနှင့်တူကြောင်း ပြောရင်းနှစ်ယောက်သား အပေးအယူတည့်နေကြပါသည်။ 
မဃဒေ၀လင်္ကာသစ် ကိုရွတ်ရင်း "မိန်းမတို့အပြစ် သဘောညစ်ကို တစ်တောင်လောက်ရှည်တဲ့ရှာနဲ့ ဘာအလုပ်မှမလုပ်ဘဲ နေ့ရောညပါ မရပ်မနားပြောပေမယ့် ပြောလို့မဆုံးအောင်ပါပဲလား"ဟုလည်း ငြီးတွားကြပြန်ပါတယ်။

 ရှိုပင်ဟောင်ဝါဆိုသော တွေးခေါ်ပညာရှင်က မင်္ဂလာလက်ဖွဲ့စရာကြုံလာလျှင် ကြိမ်လုံးနှင့်ကြိုးကိုလက်ဖွဲ့တတ်ကြောင်း၊ ထိုသို့လက်ဖွဲ့ခြင်း ၏ သဘောမှာ မိန်းမကသခင်အဖြစ်နှင့် မိမိကို ကျွန်သဖွယ် မဆက်ဆံရဲအောင် အိမ်ထောင်ကျကတည်းက ကြိုကြိုတင်တင် ''မိန်းမနှင့်နွား မသနားနဲ့"စကားအတိုင်း မိန်းမကိုကြိုးတုတ်၍ ကြိမ်နှင့်ရိုက်ပေးဖို့ရန်ဖြစ်ကြောင်း ပြောနေပြန်ပါသည်။ 

သူတို့နှစ်ဦး၏ရှေ့တည့်တည့်တွင် ထိုင်နေသောမိတ်ဆွေက လှုပ်လှုပ်ရှားရှားဖြစ်ပြီးနောက်- ''ခင်ဗျားတို့ကို နွားကြီးနှစ်ကောင်အကြောင်း ပြောချင်တယ်ဗျ၊ နွားအဖြူနဲ့နွားအနက်ကို နဖားကြိုးချင်း ချည်နှောင်ထားတယ်တဲ့ဗျ၊ ဒီလိုချည်ထားတော့ နွားဖြူကြီးသွားမယ်ကြံတော့လည်း နွားနက်ကြီးက ကန့်လန့် ကန့်လန့် ပါနေတယ်။ နွားနက်ကြီးသွားမယ်လုပ်တော့လည်း နွားဖြူကြီးက ကန့်လန့် ကန့်လန့်ပါနေတယ်။ ဒီအခါမှာ နွားဖြူကလည်း နွားနက်ကြောင့်၊ နွားနက်ကလည်း နွားဖြူကြောင့် လွတ်လွတ်လပ်လပ်မသွားလာ မလှုပ်ရှားရဘူး ဖြစ်နေတယ်လို့ အပြစ်တင်စရာတွေဖြစ်နေတာပေါ့။ တကယ်တော့ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူးဗျာ။ အလယ်က နဖားကြိုးကြောင့်ပါ။ အဲဒီလိုပဲဗျ၊ ခင်ဗျားတို့ကလည်း မိန်းမတွေမကောင်းကြောင်း မိန်းမတွေရဲ့အပြစ်ကိုပြောသလို မိန်းမတွေကလည်း ယောက်ျားတွေရဲ့မကောင်းကြောင်း၊ ယောက်ျားတွေရဲ့အပြစ်ကိုပြောနေမှာပဲ။ 

တကယ်တော့ ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး။ မိန်းမနဲ့ယောက်ျားကြားမှာ ချည်နှောင်ထားတဲ့ တဏှာရာဂဆိုတဲ့ သံယောဇဉ်ကြိုးရဲ့ အပြစ်ပါ။ တကယ်တော့ အပြစ်ပြောချင်ရင် အဲဒီကြိုးရဲ့အပြစ်ကိုပြောပေါ့။ လူတွေဟာ ယူရမယ့်တာဝန်ကိုမယူရဲတာ။ ဖြေရှင်းရမယ့် ပြဿနာကိုမဖြေရှင်းရဲတာနဲ့ ဟိုလူ့အပြစ်ကိုပြော ဒီလူ့အပြစ်ကိုပြောနဲ့လုပ်နေကြတာပါ။ ဟုတ်တယ် မဟုတ်လား'' 
ဘယ်သူကမှ ဘာမှပြန်မဖြေဘဲ ဆိတ်ငြိမ်နေကြသည်။ မိန်းမအပြစ်ပြောရင်း သုန်မှုန်နေသော မိတ်ဆွေ၏ မျက်နှာက ပို၍သုန်မှုန်နေသည်ဟု ထင်ပါသည်။ 
ခဏကြာသောအခါ သူကကျွန်တော့်ကို နှုတ်ဆက်၍ သုန်သုန်မှုန်မှုန်ဖြင့်ပင် ထွက်ခွာသွားပါသည်။ ကြိုးတွေပို၍ ရှုတ်ထွေးသွားဟန်ဖြင့် လျှောက်သွားနေသော သူ့ကို ကျွန်တော်တို့ ငေးမောကြည့်နေကြပါသည်။

 ဆရာနန္ဒသိန်းဇံ၏ စာမူတစ်ပုဒ်အား ပြန်လည်ပူဇော်ခြင်း ဖြစ်ပါသည်။

 ရဲရင့်ကိုကို

No comments: