Friday, December 28, 2012

ထူးခြားသော ဖန်တီးရှင်


ထိုင်းနိုင်ငံက ပန်းပုပညာရှင်တစ်ယောက်ဖြစ်တဲ့ Kittiwat Unarrom ဟာ ကမ္ဘာတဝန်းမှာလူတိုင်း စားသုံးနေကြတဲ့ အခြေခံအစားအစာတစ်ခု ကို အမြင်တစ်မျိုးဖြစ်အောင်ဆန်းသစ်လိုက်ပါတယ်။ ဒါပေမဲ့ ဆန်းသစ်လိုက်တာကတော့ လှလှပပ တော့မဟုတ်ပါဘူး။ ဒီလူခန္ဓာကို အစိတ်အပိုင်းတွေဟာ ရက်စက်စွာ အသတ်ခံထားရတဲ့လူတွေလို့တော့မထင်လိုက်ပါနဲ့ တက်တက်စင်အောင်လွဲသွားပါလိမ့်မယ်။ အမှန်တကယ်တော့ အဲ့ဒါဟာ ပေါင်မုန်လုပ်တဲ့ ဂျုံတွေနဲ့လုပ်ထားတာဘဲဖြစ်ပါတယ်။ သူဟာ ပန်းပုပညာမှာ မာစတာဘွဲ့ ရထားတာဖြစ်ပြီး သူမိသားစု ရဲ့ပေါင်မုန့်ဖုတ်တဲ့ အလုပ်ရုံမှာ ဂျုံတွေကို ဒီလို ပုံစံမျိုးတွေကို ဖြစ်အောင် ဖန်တီးတာဘဲ ဖြစ်ပါတယ်။ ဒီလို ဒီဇိုင်းတွေကိုတော့ လူသတ်ဇာတ်ကားတွေကြည့်ပြီး ပြုလုပ်တာဖြစ်ပါတယ်။ တချို့ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆို အမေရိကန်ဒေါ်လာ ၅ဝဝ အထိဈေးကြီးပါတယ်။ တချို့ရုပ်ရှင်ကားတွေမှာသုံးဖို့အတွက်ဆိုရင်တော့ သူဆီလာပြီး အလုပ်အပ်ရတယ်လို့သိရပါတယ်။
စာအုပ်မျက်နှာမှ ကူးယူဖော်ပြအပ်ပါသည်။ မူရင်းပို့စ်တင်သူနှင့် လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပါတယ်။
ရဲရင့်ကိုကို

Saturday, December 15, 2012

ဖေ့ဘွတ်ပေါ်မှ အကြိုက်ဆုံးဟာသများ

(၁)
နင်နဲ့ပတ်သတ်တာတွေ ငါမေ့လို့ရအောင်ဆိုပြီးတော့ ……….
ငါ အရက်တွေသောက်တယ် မူးးး ရူးးး သွားတဲ့အထိ ငါသောက်တယ် နေ့မအိပ် ညမအိပ် ငါသောက်တယ် ငါ့အဖေက ဆိုင်အထိလိုက်လာပြီး ပါးတွေနားတွေရိုက်ပြီး ဆွဲထုတ်သွားတဲ့အထိ ငါသောက်တယ် အဲ့ဒါအားလုံးဟာ နင့်ကြောင့်ပေါ့ ဘာဖြစ်လို့လည်းဆိုတော့ ငါ့ခေါင်းထဲမှာ နင်ပဲရှိတယ် ……………

အဲ့ဒါနဲ့မပြီးသေးဘူး ဂီတဟာလူတွေရဲ့စိတ်ကို ထွက်ပေါက်ရစေတယ်တဲ့ ငါ စားသောက်ဆိုင်တွေသွားတယ် သူများ သီချင်းဆိ
ုတာတွေ ငါနားထောင်တယ် ပန်းကုံးတွေစွပ်တယ် ဒါပေမယ့် ငါ့ခေါင်းထဲမှာ နင်ပဲရှိတယ်……

သူများဆိုတာတွေ နားထောင်ရုံနဲ့ အားမရဘူး ငါကိုယ်တိုင် ရင်ဖွင့်မယ်ဆိုပြီး ကာရာအိုကေဆိုင်ကိုသွားတယ် ငါ့ဘေးနားမှာ ဘယ်သူတွေလာထိုင်တယ် ငါ့ပေါင်ပေါ်မှာ ဘယ်သူတွေလာထိုင်တယ် ငါမသိဘူး ငါ့ခေါင်းထဲမှာ နင်ပဲရှိတာကိုးးးးးး

အဲ့ဒါနဲ့မပြီးသေးဘူး ငါအိမ်ပြန်အိပ်ရင်.. နင့်ပုံတွေကို ငါ့အခန်းထဲမှာကပ်ထားတာကိုးးးး နင့်ပုံတွေမြင်ရင် ငါပိုပြီး ခံစားရတယ် အဲ့ဒါကြောင့် ငါဟိုတယ်သွားအိပ်တယ် ငါ့အခန်းထဲကို ဘယ်သူတွေဝင်လာတယ် ငါ့ဘေးနားကို ဘယ်သူတွေ ၀င်အိပ်တယ် ငါမသိဘူးဟာ ငါ့ခေါင်းထဲမှာ နင်ပဲရှိတာကိုးးးးး

မနက်ကျတော့ ပိုက်ဆံလာတောင်းတော့မှ နင်မဟုတ်မှန်း ငါသိရတာ အဲ့ဒါတွေအားလုံးဟာ နင့်ကြောင့် နင့်ကြောင့်င့်င့်င့်င့်င့်င့် ;P
 ×××××××××××××××
(၂)
ကျွန်တော်ကြားဖူးသော သရဲ အခြောက်ခံရသောပုံပြင်တစ်ပုဒ် ကိုပြောပြပါမည်.....(ကိုယ်တွေ့ ဖြစ်ရပ်မှန်)

တစ်လောက..Taxi စီးရင်း..Driver ဦးလေးကြီးက..သူသရဲခြောက်ခံရတဲ့. အကြောင်းကိုပြောပြတယ်..

အဲ့နေ့က..ည၁၀နာရီလောက်ရှိရောပေါ့ကွာ...မင်္ဂလာဒုံဘက်ကိုရောက်နေတာ..

ဦးက..မြို့ထဲပြန်မှာ....ကားပြန်အပ်တော့မယ်ပေါ့ကွာ..တစ်ခေါက်ပြီးရင်တော့.
အဲ့ချိန်မှာ...မိန်းမတစ်ယောက်တားတယ်....ဆံပင်ရှည်ကိုဖားလျားချထားတယ်
အင်္ကျီကလဲ..အဖြူရောင်ကွာ..ခါးရှည်ပေါ့....ပြောတဲ့နေရာကလည်း..
လမ်းကြုံနေတယ်...နည်းနည်းပဲဝင်ရမှာ..တက်ခိုင်းလိုက်တာပေါ့ကွာ..

ကားထွက်တော့မှ...ကြက်သီးတွေ.ကတစ်ဖြန်းဖြန်း...ထလာတယ်...
သရဲမများလားမသိဘူးဟ...နောက်ကနေ..ဂုတ်ချိုးပြီးသတ်ရင်တော့..
အခက်ဟ..ဆိုပြီး..လန့်လာရော..Back မှန်က..ကြည့်တော့လည်း..ငြိမ်လို့..
ဆံပင်တွေကလည်းလွင့်လို့...ငါလည်းအသက်တောင်ကောင်းကောင်း
မရှူရဲဘူးကွာ..အဲ့လို့နဲ့...သူပို့ခိုင်းတဲ့လမ်းရောက်ပါလေရော..
ခွေးတွေကလည်း...အဲ့ချိန်...အူချက်ကွာ....မရပ်တော့ဘူး...
အိမ်က.မြင်နေရပြီ..ငါလည်း...လျှောက်ပြောရတာပေါ့...လမ်းထဲဝင်ရင်...
ကားက..ထွက်လို့မရလောက်ဘူး..ဘာညာနဲ့...

အဲ့ဒါနဲ့...အတင်းတောင်းပန်ပြီး...လမ်းထိပ်တင်ရပ်ပေးလိုက်တယ်..
ပိုက်ဆံမယူတော့ဘူး..ပြောတာကို..အတင်းပေးသွားသေးတယ်...
ထူးဆန်းပုံက..ဆင်းဆင်းချင်းတင်..အသံမကြားပဲ..ပျောက်သွားတာ...
တစ်သက်နဲ့တစ်ကိုယ်ကွာ..မကြုံဖူးဘူး..နောက်တံခါးကလည်း..မပိတ်သွားဘူး...
အဲ့ဒါနဲ့..ဘုရားစာတွေ..ရွတ်ပြီး.... ကားတံခါးကို..ဖွင့်လိုက်တယ်..
ဆင်းပြီး..သွားပိတ်မယ်ပေါ့..ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာ...
စဉ်းစားမိတယ်...ပြန်လှည့်လာရင်တော့ သေပြီလို့......
အဲ့ချိန်ဗြုန်းဆို...ခြေထောက်ကို..လက်အေးအေးကြီး တစ်ဖက်က
လှမ်းဆွဲတယ်.. ငါလည်း....လှမ်းကြည့်တော့..ဟိုမိန်းမ..ခေါင်းကြီး...
ငါ့ခြေထောက်နားမှာလေ...အားပါးပါး.....ဆံပင်မှာလည်း..ရေတွေ..ရွှဲလို့..
ငါတော့..မြတ်စွာဘုရားကို..အာရုံပြုလိုက်တယ်..ငါတော့...သွားပြီလို့...
အဲ့ချိန်ဗြုန်းဆို အသံတစ်သံကြားတယ်........


"နောက်ဆို..မြောင်းဘေးမှာ..ကား..မရပ်ပါနဲ့..ဦးလေးရယ်.."..တဲ့.

ဟိဟိ...

Credit to @Thae Su San

By Myo Thant
ဟာသကမ္ဘာက ကြိုက်လို့ယူတင်ထားတာပါဗျာ.. မူရင်းပို့စ်တင်သူနဲ့ လာရောက်ဖတ်ရှုသူ သူငယ်ချင်းများ ကို ကျေးဇူးအထူးတင်ရှိပါတယ်။
ရဲရင့်ကိုကို

ဦးခိုက်ဖူးမည် မြတ်စေတီ


သူတော်ကောင်းတွေမို့
စုပေါင်းလို့စုံညီ
လှမ်းကြစို့ချီ..
ဥဿာနဲ့မွန်ပြည်
မြစ်နဒီစစ်တောင်းကြား
အသစ်ပြောင်းသွားတဲ့ဝန်းကျင်
ရှုချင်စေ့ အံ့မခန်း
အတက်အဆင်း လမ်းတွေနဲ့
ခင်တန်းတွေ ပနံရ
တောင်တန်းတွေ အခြေမှာလှနေတဲ့
ကင်ပွန်းချောင် သည်စခန်းကိုဖြင့်
(ဆွေရင်းတို့ရေ...)
လှမ်းလိုက်ကြစမ်း...။

ဘုရားဖူးတွေမို့
ကုသိုလ်တအားထူးသည်
ဖေါ်တစ်သင်းတွေစုံညီ
ပျော်ရင်းသာ အတူသွား
မနေမနားဘဲ ခရီးနှင်
တစ်တောဝင် တစ်တောင်တက်
တောအစဉ် တောင်အထပ်နဲ့
စခန်းစဉ် ကျော်ကာဖြတ်ရင်းဖြင့်
နေခြည်မှာ ရွှေရည်ဆမ်းသလိုပ
ပေါင်းလောင်းတောင် ထိပ်စခန်းဆီက
ဆံတော်ရှင် စေတီဆန်းကိုဖြင့်
(ဆွေရင်းတို့ရေ ...)
ဖူးလိုက်ကြစမ်း....။

တောလမ်းခရီးပေမို့
မမောတမ်းသွားမည်
သစ်ပင်ကြီးတွေ အစီရီ
ရသေ့တောင်နဲ့ မြစိမ်းတောင်ဆီ
ဝိဇ္ဇာတောင် ဘုရားဖူးလည်မည်ရ
စမတောင်သို့ ရွယ်ရည်
စွန်တောင်ဆီ မျှော်ကာမှန်း
တောင်တန်းတွေ ကျော်ကာဖြတ်ပါစေ့
ခရီးလမ်းကြမ်းလည်းမမှုပြီမို့
မုဆိုးတောင် ကျောက်ထပ်စခန်းတွေနဲ့
ပျားစွဲတောင် ရေတံခွန်နန်းကိုဖြင့်
(ဆွေရင်းတို့ရေ...)
သွားလိုက်ကြစမ်း...။

နှင်းမိုးပွင့်

Monday, December 10, 2012

ဟောလိဝုဒ်လှပျိုဖြူတို့၏ ခန္ဓာကိုယ် ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ


ဟောလိဝုဒ်လှပျိုဖြူတို့၏ ခန္ဓာကိုယ်ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ






ကိုယ်လုံးကိုယ်ပေါက် လှပကြည့် ကောင်းတယ် ဆိုတဲ့ ဟယ်လီ ဘယ်ရီ၊ ဟေဒီ၊ ဂျနီဖာအနစ္စတန် နဲ့ ဂျနီဖာလိုပက်ဇ်တို့ရဲ့ သူတို့ကိုယ်ခန္ဓာ ကို ဘယ်လိုထိန်းသိမ်း ထားတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါ တယ်။

ဂျနီဖာအနစ္စတန်
ကိုယ်လုံးကိုယ်ပေါက် စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) အစာကို ပုံမှန်စားပါတယ်။ အမျိုးသမီးအများစုရဲ့ အမှားကြီး တစ်ခုက ကယ်လိုရီတွေကို အလွန်အမင်း ဖြတ်တောက် လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ဇီဝရုပ်ဖြစ်ပျက်မှုနှေးပြီး အားမရှိသလို ဖြစ်သွားပါတယ်။ ပုံမှန်အတိုင်း အစာပြန်စားတဲ့အခါ ကိုယ်အလေးချိန် တက်လာပါတယ်။
(၂) ဒါပေမဲ့ အစာကို ဖြည်းဖြည်းပဲ စားပါတယ်။ အစာ တစ်လုတ်စားပြီးတဲ့အခါ ဇွန်းခက်ရင်းကိုချပြီး တစ် ကနေ ၁၀ အထိ ရေတွက်ပါတယ်။ ဒါက ဦးနှောက် ကို အစာအိမ်က ဗိုက်ပြည့်နေပြီဖြစ်ကြောင်း အချက် ပြခွင့်ပေးလိုက်တာပါ။
(၃) လှုပ်ရှားမှု လုပ်ပါတယ်။ အဓိကက ပေါင်အတွင်း၊ အပြင် ကျစ်လျစ်အောင် လေ့ကျင့်ခန်းလုပ်တာပါ။ ကြမ်းပြင်ပေါ်မှာ ဖဲချပ် ၁၀ ချပ်ကို ချထားပါ။ ပြီး ရင် ဆောင့်ကြောင့်ထိုင်ပြီး ဖဲချပ်တစ်ချပ်ကို ကောက် ယူပါတယ်။ အဲဒီနောက် ညာဘက်ကို ခြေလှမ်းလေး လှမ်းလောက် ရွေ့လိုက်ပါ။ ပြီးရင် ဖဲချပ်အပုံတွေ ဆီ ပြန်လာပြီး နောက်တစ်ချက်ကို ကောက်လိုက်၊ ညာ ဘက်ကို ခြေလှမ်း လှမ်းလိုက်..ဖဲချပ် ၁၀ ချပ် စလုံး ကောက်ယူပြီးတဲ့အထိ ပြုလုပ်ပေးပါ။
ဟေဒီကလမ်
ကိုယ်လုံးကိုယ်ပေါက်စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) တင်ပါးကို ကော့ပြီး ထိုင်ထလေ့ကျင့်ပါတယ်။ ဒါက တင်ပါးတင်မက ပေါင်အပြင်ပိုင်းနဲ့ ခြေသလုံး တွေကိုပါ သန်စွမ်းစေလို့ပါ။
(၂) သင့်အနေနဲ့ ကြိုးခုန်တာ၊ အလေးမတာ၊ ပြေးတာ ..ဘယ်လိုလေ့ကျင့်ခန်းမျိုးကိုပဲ လုပ်လုပ် သင့်တံ တောင်ဆစ်နဲ့ ဒူးတွေကို ထိန်းချုပ်မထားပါနဲ့။ ဒီအ စိတ်အပိုင်းတွေကို ပျော့ပျော့ပျောင်းပျောင်း ထားရှိ လိုက်ပါ။ ဒါမှ အဆစ်ထိခိုက်မှု မဖြစ်အောင်ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
(၃) တင်ပါးလှစေဖို့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါတယ်။ ပြုလုပ်နည်းကတော့ ၄-၁၀ပေါင်ကြား အလေး တုံးကို လက်နှစ်ဖက်ကို အဖြောင့်အတိုင်းထားကာ ခေါင်းပေါ်မြှောက်ကာ မယပါတယ်။ ပြီးရင် တတ်နိုင် သလောက် ဆောင့်ကြောင့်ထိုင်လိုက်ပါတယ်။ အဲဒီ အတိုင်း ရှေ့ကို ခြေလှမ်းနည်းနည်း ရွှေ့ကြည့်တာ၊ နောက်ကို ဆုတ်တာတို့ လုပ်ဆောင်ပါတယ်။
ဟယ်လီဘယ်ရီ
ကိုယ်လုံးကိုယ်ပေါက်စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) အမြင့်တက်ပြီး လမ်းလျှောက်တာက အကောင်း ဆုံး နှလုံးသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါက သင့်တင်ပါး၊ ပေါင်နဲ့ ခြေထောက်အောက်ပိုင်း တွေကို တင်းရင်းစေပြီး ဒူးတွေကို သန်စွမ်းစေပါတယ်။
(၂) လက်မောင်းနဲ့ ပခုံးသားတွေ သန်မာစေတဲ့ ပစ္စည်း Dumbbells ဟာ အလေးတုံး သီးသန့်တွေထက် ပိုပြီး ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ အကြောင်းက တော့ ဒီအသုံးအဆောင်တွေက ညှိယူစရာမလိုတဲ့အ ပြင် ခန္ဓာကိုယ်ကို သဘာဝကျကျ လှုပ်ရှားနိုင်စေပါတယ်။
(၃) လေ့ကျင့်ခန်းအနေနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို လိမ်တဲ့ လေ့ကျင့်ခန်းလုပ်ပါတယ်။ ဒါက ဝမ်းဗိုက်ဘေး တစ်ဖက်တစ်ချက်ရှိ အဆီပိုတွေကို လျော့ကျစေပါတယ်။ ပြုလုပ်နည်းကတော့ ဖျာတစ်ချပ်ပေါ် ဒူးကွေး ပြီး မတ်မတ်ထိုင်ပါ။ အဲဒီအနေအထားနဲ့ အနောက် ဘက်ကို အနည်းငယ်လှန်လိုက်ပါ။ ပြီးရင် ညာဘက် လက်နဲ့ ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းကို ပွေ့ဖက် တာ၊ ဘယ်ဘက်လက်နဲ့ ခန္ဓာကိုယ်ညာခြမ်းကို ပွေ့ဖက် တာကို ၁၀ ကြိမ် ပြုလုပ်ပါတယ်။
ဂျနီဖာလိုပက်ဇ်
ကိုယ်လုံးကိုယ်ပေါက်စမတ်ကျအောင် ဘယ်လိုထိန်းသလဲ
(၁) လှေကားတက်ရင် ခပ်မြန်မြန် တက်တဲ့နည်းကို ရှောင်ပါတယ။် ဒီနည်းဟာ ကြာကြာနဲ့ ဖြည်းဖြည်းချင်း တက်တာထက် ကြွက်သားတွေကို အလုပ်လုပ်ဖြစ်နှုန်း နှေးပြီး ကယ်လိုရီလောင်ကျွမ်းနှုန်း လည်းနည်းပါတယ်။
(၂) အလေးမတဲ့ အကြိမ် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးမိနစ်ထက်ပိုပြီး မနားပါနဲ့။ အကြာကြီးနားရင်ြွကက်သားတွေ သွေးအေးသွားပြီး လေ့ကျင့်ခန်းရဲ့ အကျိုး အာနိသင် လျော့ကျသွားနိုင်လို့ပါ။
(၃) ပုံမှန်လေ့ကျင့်ခန်းအနေနဲ့ လက်မောင်းတွေ ကျစ်လျစ်အောင် လုပ်ပါတယ်။ ပြုလုပ်နည်းကတော့ လက်တစ်ဖက် တစ်ချက် မှာ ၅-၈ ပေါင်ခန့်လေးတဲ့ Dumbbellကို ကိုင်ပြီး ဦးခေါင်းပေါ် ရောက်တဲ့အထိ မပါ။ ပြီးရင် ဦးခေါင်း ဘေးကနေ Dumbbell ကို ဖြည်းဖြည်းချင်း နှိမ့်ချ လိုက်ပါ။ ဒီနည်းအတိုင်း တစ်နေ့ သုံးကြိမ် လေ့ကျင့် ပါတယ်။

ရိုးရာလေးမှ ကြယ်စင်ရေးသားထားသည်ကို ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါသည်။ မူရင်း ပို့စ်တင်သူနှင့် လာရောက်ဖတ်ရှုသူ သူငယ်ချင်းများအား ကျေးဇူးအထူးတင်ရှိပါသည်။
                                                                                                    ရဲရင့်ကိုကို

Thursday, December 6, 2012

ကမ္ဘာ့ပထမဆုံး ၈၄ လက်မအရွယ် LG Ultra HD TV စတင်ရောင်းချ

Thursday, December 06, 2012

မည်သည့်အခါမျှ ရုပ်ရှင်ရုံကို သွားရောက်စရာ မလိုတော့ပါဟု
ကြွေးကြော်လျက် LG ၏ ကမ္ဘာ့ပထမဆုံး ၈၄ လက်မအရွယ် ဧရာမ Ultra HD TV ကြီးကို ဗြိတိန်တွင် စတင်မိတ်ဆက် ရောင်းချနေပြီဖြစ်သည်။

သာမန် HD TV များထက် ရုပ်ထွက်ကြည့်လင်ပြတ်သားမှု ၁၆ ဆ ပိုမိုကောင်းမွန်သော LG Ulltra HD TV ၏ ဈေးနှုန်းမှာ ပေါင်စတာလင် ၂၂,၅၀၀ ဖြစ်သည်။

အဆိုပါ TV ကြီးတွင် မိမိကြည့်ရှုလိုသော ရုပ်ရှင်ဇာတ်ကားများနှင့် TV အစီအစဉ်များကို ရွေးချယ်ကြည့်ရှုနိုင်မည့် application လည်း ပါဝင်သည်။ LG Ultra HD TV screen  တွင် ပုံမှန် TV အစီအစဉ်ထုတ်လွှင့်မှုများကို 3D အဖြစ် ပြောင်းလဲကြည့်ရှုနိုင်မည်ဖြစ်ပြီး 3D မျက်မှန် ၅ စုံပါရှိသည်။

ထို့အပြင် TV screen ကို ပိုင်းခြားပြီး တစ်ချိန်တည်းတွင် 3D ရုပ်ရှင်များ ကြည့်ရှုခြင်းနှင့် ဂိမ်းဆော့ကစားခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Online News မှ မျှဝေလိုက်ခြင်းဖြစ်ပါသည်။ မူရင်းပို့စ်တင်သူနှင့် လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရဲရင့်ကိုကို

Friday, November 23, 2012

ကြို့ထိုးခြင်း သက်သာစေသော နည်းလမ်းများ



ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေ
ပါတယ်။  ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်း ၁၃ နည်းထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်
ကြည့်ပါ။

(၁) အချိုစားပါ

ပါးစပ်ထဲမှာရှိတဲ့  အာရုံကြောတွေက  အချိုဓာတ်ကို  ရရှိတာကြောင့်  ကြို့ထိုးတာ သက်သာ သွားစေပါတယ်။ သကြား
တစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။

(၂) နားထဲ လက်ချောင်းထည့်ပါ

နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြော
နံပါတ်(၁၀) က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်း
ကို နှိုးဆွပေး တာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ ဆောင်ရွက်ဖို့တော့ လိုပါတယ်။
(၃) ရုတ်တရက် ထိတ်လန့်အောင်လုပ်ပါ

သင်ကြို့ထိုးနေချိန်မှာ ရုတ်တရက် အံ့သြစရာတွေ့တာ၊ လန့်သွားတာတွေက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

(၄) ရေများများသောက်ပါ

ရေကို အသက်မရှူဘဲ ဆက်တိုက် သောက်လိုက်တာကြောင့် ကြို့ထိုးတဲ့ ဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။ အကောင်းဆုံးကတော့ ရေတစ်ခွက်ကို နှာခေါင်းပိတ်သောက်လိုက်ရင် ချက်ချင်းသက်သာသွားမှာကို တွေ့ရမှာဖြစ်ပါတယ်..။

(၅) လျှာကို ဆွဲထားပါ

ကြို့ထိုးနေချိန်မှာ သင့်လျှာကို ပါးစပ်အပြင်ထုတ်ပြီး လက်နဲ့ ဆွဲထားတာကလည်း ကြို့ထိုးတာကို ရပ်တန့်သွားစေ
ပါတယ်။

(၆) သင့်အာခေါင်ကို နှိုးဆွပေးပါ

ဂွမ်းစအနည်းငယ်ကို သင့်အာခေါင်နားမှာ ထားပေးပါက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

(၇) အသက်ရှူ အောင့်ထားပါ

သင့်နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး ရေထဲကို ခုန်ဆင်းသလိုမျိုး ခဏတာ အသက်ရှူအောင့်ထားပေးပါ။ ကြို့ထိုးတာ
ရပ်တန့်သွားစေပါတယ်။


(၈) စက္ကူအိတ်တစ်ခုနဲ့ ပါးစပ်ဟပြီး အသက်ရှူပါ

စက္ကူအိတ်တစ်လုံးကို ပါးစပ်အဝမှာ ပိတ်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စက္ကူအိတ်ထဲမှာ သင်ရှူထုတ်လိုက်တဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူမိတာကြောင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာစေပြီး ကြို့ထိုးတာ
ကို ရပ်တန့်စေပါတယ်။


(၉) လေဆေးသောက်ပါ

မဂ္ဂနီဆီယမ်ပါဝင်တဲ့ လေဆေးသောက်ပေးတာက ကြို့ထိုးတာကို ပျောက်ကင်းစေပါတယ်။ မဂ္ဂနီဆီယမ်က အာရုံကြော
 နှိုးဆွမှုတွေကို လျော့နည်းစေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ပါဝင်တဲ့ လေဆေးတစ်ပြား ဒါမှမဟုတ် နှစ်ပြားကို ဝါးစားပါ။


(၁၀) အစာကို ဖြည်းဖြည်း စားပါ

အစာကို မြန်မြန်စားတတ်သူတွေဟာ အစာကို ကြေညက်အောင် မဝါးဘဲ မျိုချတတ်ကြပါတယ်။ အစာကို မြန်မြန်စားတာ
က လေတွေ ခိုအောင်းနေစေပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။


(၁၁) အစားအလွန်အကျွံစားတာကို လျှော့ပါ

အစာကို အလွန်အကျွံ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ပြည့်ကျပ်ပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာလျှော့စားတာက ကြို့ထိုးတာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်ပါတယ်။


(၁၂) အစပ်များသော အစာများကို ရှောင်ပါ

အစပ်များတဲ့ တချို့အစားအစာတွေက အစာရေမျိုနဲ့ အစာအိမ်နံရံတွေကို နှိုးဆွတာကြောင့် အစာအိမ်ထဲမှ အက်စစ်တွေ
အပေါ်ကို ဆန်တက်လာတတ်ပါတယ်။ အစာရေမျိုဆီကို အက်စစ်တွေ ဆန်တက်လာက ကြို့ထိုးတာကို ဖြစ်စေပါတယ်။

(၁၃) အရက်လျှော့သောက်ပါ

အရက်အလွန်အကျွံသောက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ အရက်ကို
များများနဲ့ မြန်မြန်သောက်တာက ရုတ်တရက်  အစာမကြေတာကို  ဖြစ်စေပါတယ်။  အရက်က  အစာအိမ်နဲ့ အူလမ်း
ကြောင်းကို နှိုးဆွတာကြောင့် အစာရေမျို ရုတ်တရက် ကျယ်သွားပြီး ကြို့ထိုးတာကို ဖြစ်စေလို့ပါ။

ရွှေမြန်မာဥယျာဉ်မှ တေးအလင်္ကာရေးသားထားသည်ကို ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါသည်။ မူရင်းပိုစ့်တင်သူနှင့် လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပါသည်။
                                                                                      ရဲရင့်ကိုကို

Sunday, November 18, 2012

သုညနှင့်ကိန်းဂဏန်းများ (၀တ္တုတို)

သူငယ်ချင်းတို့ရေ.. စာရိုက်ဖို့အချိန်မပေးနိုင်လို့ စကင်န်ဖတ်ပြီး တင်ပေးလိုက်ပါတယ်.. ကွန်နရှင်ကလည်း ကျနေလို့ ဒီပို့စ်တစ်ခုတည်းနဲ့ တစ်နေကုန်သွားတာပါပဲ..။ သူငယ်ချင်းတို့ မမြင်ရရင် ctrl နဲ့ + ကိုတွဲနှိပ်ပြီး ကြည့်နိုင်ပါတယ်။ 

  
 




  ကျေးဇူးအထူးတင်ရှိပါတယ်ဗျား..။
ရဲရင့်ကိုကို 






Saturday, November 17, 2012

ပို့စ်မော်ဒန် ခိုးရာလိုက်နည်း (၀တ္တုတို)


ရှူး…ရှူး…ရှူး…ရှူး…(ပန်းပဲလုပ်ငန်းမှ ဖားဖို မြည်သံ)
အပူ ဒီဂရီ ၁၅၀၀ မှ ၂၃၀၀ ဖာရင်ဟိုက် နားမှာ ပန်းပဲလုပ်သားများ ပင်ပန်းကြီးစွာလုပ်နေကြသည်။ သို့သော်… ဖားဖိုနဲ့ ခပ်ဝေးဝေး လုပ်ငန်းခွင် တစ်နေရာမှာတော့ ချစ်သူနှစ်ဦး။
“တော့်ကို ပြောရဦးမယ်ကိုရင်၊ မနေ့က လပြည့်ကျော်တစ်ရက် သူခိုးကြီးည မဟုတ်လား…ကျုပ်တို့ အိမ်ဘေးက မိတင်ဟန်ကို မြောက်ပိုင်းက သာလှ ခိုးသွားတဲ့ သတင်းကြားပြီပြီလား”
“သူများ ခိုးရာလိုက်တာ အရေးမကြီးပါဘူး အေးမြရာ၊ ကျုပ်တို့ နှစ်ယောက် ခိုးရာလိုက်ဖို့ပဲ ကျန်တော့တယ်”
“အို….ဒါတော့ မလွယ်ဘူးတော်ရေ့၊ ကျုပ်ကိုတောင် အဘက အပြင်ပေးမထွက်တာ တော်လည်းအသိ၊ တစ် နေ့တစ်နေ့ ဟိုး… တောင်ပိုင်းက ဒွေးလေးသမီး၊ ကလေးလေးတွေနဲ့ပဲ မကြီးမငယ်ဆော့နေရတယ်”
“ကျုပ်ကြံရင်ဖြစ်ပါတယ်၊ အခုတောင် အေးမြတို့ခြံထဲဝင်ပြီး စကားလာပြောသေးတာပဲ”
“ဒါဖြင့် ကြံစမ်းပါဦး…ကျုပ်တို့နီးစပ်ဖို့”
ကိုရင်စံတင်က ခေါင်းပေါ်လက်ဝါးအုပ်ကာ ငှက်ပျောသီးတစ်လုံးကို အခွံတစ်နွှာခန့် စဉ်းစားသည်။
“အယ်…ကျုပ် သိပြီ”
အေးမြနားကို ဖွဖွလေးဆွဲပြီး သူ့ပါးစပ်က ပွစိပွစိပြောလိုက်သည်။ အေးမြက အာရုံစိုက်ပြီး နားထောင်နေသည်။ ကိုရင်စံတင့်က အေးမြနားကို မကိုက်မိရုံတမယ် တိုးတိုး…တိုးတိုး။ အေးမြက ခေါင်းတညိတ်ညိတ်။
“ဟေ့ကောင်”
နှစ်ဦးလုံး လန့်ဖျပ်သွားသည်။
အေးမြက ရင်ဘတ်ကို လက်နှစ်ဖက်ဖိ၊ မျက်လုံးပြူးလျက်။ ကိုရင်စံတင့်က လက်တစ်ဖက်ဖြင့် သူ့ပါးစပ်ကို ပိတ်၊ နောက်လက်တစ်ဖက်ဖြင့် အေးမြဖခင်ကြီးကို လက်ညှိုးထိုးလျက်။
“မင်း…မင်း…ကျုပ်သမီးကို ဘာလုပ်တာတုံး”
“နားယားတယ်ဆိုလို့ ကိုက်ဆွဲပေးမလို့”
“ဘာ”
“အဲ…ယောင်သွားလို့၊ ဘာမှမလုပ်ဘူး ပြောမလို့ပါ ဖခင်”
“ဘာကွ..ဘယ်လိုခေါ်ဒယ်၊ ဘယ်လိုခေါ်လိုက်ဒယ်”
အေးမြ ဖခင် ပန်းပဲလုပ်ငန်းပိုင်ရှင်ဖို သူကြီး ဦးရွှေတိုးမှ ဒေါသထွက်လွန်း၍ စကားတောင်မပီရှာတော့။
“မှားသွားလို့ပါ  ဦးကြီးရာ၊ စိတ်ကိုလျှော့ပါ။ စိတ်လျှော့ဘာ”
“နို့နေပါဦး၊ မင်း ကျုပ်ခြံထဲကို ဘာလာလုပ်တာတုန်း၊ ဘယ်တော့မှ မလာပါနဲ့…ကျုပ်သမီးနဲ့ အဆက်အသွယ် မလုပ်ပါနဲ့လို့ပြောထားတာ မေ့ကရောလား ကိုရင်”
အဲဒီတော့မှ ကိုရင်စံတင့်လည်း မျက်စိမျက်နှာပျက် ( ပျက်စီးသွားတာမဟုတ်ပါ၊ ညှိုးကျသွားခြင်း) သွားပြီး။…
“ကျုပ်..ဓား လာအပ်တာပါ”
အလုပ်ကိစ္စလာသည်ဟုပြော၍ ဒေါသကိုလျှော့၊ သမီးဖြစ်သူကို အိမ်ထဲဝင်ဖို့ မျက်ရိပ်မျက်ကဲပြရင်း။
“ပေးလေ၊ အထည်ကြမ်း..”
“ဟင့်အင်း၊ မပါဘူးခင်ဗျ၊ ဦးကြီးတို့ ပန်းပဲဖိုကပဲ သင့်တော်ရာ သံထည်နဲ့ လိုက်ပေးစေလိုပါတယ်”
“ကောင်းပြီလေ၊ ဘယ်လို ဓားမျိုးလုပ်ပေးရမှာလဲ၊ စပေါ်ငွေကရော ဘယ်လောက်ပေးထားမလဲ”
“ငွေ အကျေချေပေးမှာပါ၊ လုပ်မှာကတော့ ငှက်ကြီးတောင်ဓား၊ ခြောက်လက်မအရှည်လောက်”
“ဘာကွ ငှက်ကြီးတောင် ခြောက်လက်မအရှည်…ဟုတ်လား၊ မင်း ရူးနေပြီလား…နာမည်တစ်လုံး နဲ့နေတဲ့ ဦးရွှေတိုးကို နာမည်လာ ဖျက်တာလား”
ဦးရွှေတိုး ဒေါသူပုန်ထကာ ပန်းပဲဖိုမှာ စီထားသော ဓားတန်းကြီးကို လှမ်းကြည့်လိုက်သည်။ ကိုရင်စံတင့် ကပျာကယာ တောင်းပန်လိုက်ရ၏။
“ကျုပ်က ဦးကြီးကို အထင်ကြီးလို့တမင် ဒီလိုဓားမျိုးလာအပ်တာပါ။အေးသာယာရွာမှာ ဦးရွှေတိုးတစ်ယောက် တည်းပိုင်တဲ့ ဟောဒီပန်းပဲဖိုကြီးမှာပဲ ဒီလိုဓားမျိုး အပ်လို့ရမယ်ထင်လို့ပါ။ ရပါတယ်…ဦးကြီး မလုပ်ပေးတတ်ဘူး ဆိုလည်း…”
“တော်…တိတ်၊ ကျုပ်လုပ်လို့မရတဲ့ ဓားဆိုတာ မရှိဘူး၊ ကျုပ်က နာမည်တစ်လုံးနဲ့ နေလာတဲ့ ဖိုသူကြီး ဦးရွှေတိုးပဲ။ ကျုပ်တို့က ဒီလုပ်ငန်းကို ဆွေးခုနစ်ဆက်၊ မျိုးခုနစ်ဆက် တင်မကဘူး၊ ဟိုး…ရှေးအဆက်ဆက်ကတည်း က လုပ်လာတာ၊ မောင်ရင်တို့လို သာမန်လူအတွက် တင်မဟုတ်ဘူး၊ ရှင်ဘုရင်ကတောင် ကျုပ်ဘိုးဘေးတွေလုပ်ပေး တဲ့ ဓားကို သဘောကျတော်မူပြီး ဘုရင်အဆက်ဆက်ကိုင်တဲ့ သန်လျက်အတွက် ကျုပ်တို့အမျိုးတွေက တာဝန်ယူလုပ် ပေးခဲ့ရတာ…”
ကိုရင်စံတင့် မျက်လုံး ကလယ်ကလယ်နဲ့ ယောက္ခမလောင်းကြီးရဲ့ ကြွားလုံးတွေကို နားမထောင်ချင့် ထောင်ချင်နဲ့ နားထောင်နေမိသည်။
“ရှေးခေတ်ကဆို နန်းတွင်းမှာပဲ ပန်းပဲဖိုထားရတာကွယ့်၊ အပြင်မှာထားရင် သောင်းကျန်းသူတွေဟာ ဖိုသူကြီး တွေနဲ့ပေါင်းပြီး ဘုရင်ကို ပုန်ကန်နိုင်တာကိုး၊ အဲဒီတုန်းက ကျုပ်တို့ ဘိုးဘေးတွေဟာ မောင်ရင်တို့လို သာမန် အရပ် သား သုံးဓားတင်မကဘူး၊ အိမ်ရှေ့မင်း…သားတော်မြေးတော် ညီတော်တွေ၊ မင်းသား၊ အတွင်းဝန်၊ ၀န်မှူးကိုင်တဲ့ ဓား တွေကို လုပ်ပေးခဲ့ရတာ။ ဒါ့ပြင် ဆေးဓား၊ အင်းဓား၊ အရပ်သုံးဓား၊ နန်းစဉ်ဓား တွေကိုပါ အမှားအယွင်းမရှိလုပ်ပေးနိုင်ခဲ့ တာ။ မီးအပူအနည်းအများကွာသွားလို့ ဓားတုံးတာတို့ ပဲ့သွားတာတို့ ဘယ်တုန်းကမှ မဖြစ်ဘူးကွယ့်…”
“ဟုတ်ကဲ့ခင်ဗျ”
“ရှိသေးတယ် မောင်ရင်၊ တရုတ်ကြီးခြောက်ယောက်မတာနည်းနည်းမှ မကြွတဲ့ မောင်ပေါက်ကျိုင်းက နဂါးကို ခုတ်တဲ့ဓား ကြားဖူးတယ်မဟုတ်လား”
“ဦးကြီးလုပ်ပေးလိုက်တာလား”
“အင်း…မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီဖိုသူကြီးက ကျုပ်အဘိုးရဲ့ အဘေးရဲ့ အဖေရဲ့ အစ်ကို ၀မ်းကွဲတော် တယ်…”
“အဟီး…ဆွေမျိုးနီးတယ်နော်…ကျုပ်ဦးကြီးရဲ့ အစွမ်းအစကို ယုံပါပြီ။ မနက်ဖြန် မနက်ခင်းမှာ ဓားလာယူပါ့မယ် ခင်ဗျ၊ ဒီလုပ်ငန်းတာဝန်ခံ ကိုရင်မိုးမှောင်ဆီမှာ ငွေချေပြီး ပြန်လိုက်ပါဦးမယ်”
“အိမ်း…ကောင်းပြီလေ၊ နို့ပေတဲ့…မောင်ရင့်ကို ကျုပ်အရည်အချင်းတွေမပြောပြရသေးဘူးကွယ့်၊ မီးညွန့်နဲ့မီး အမျိုးအစားကို သိရုံနဲ့ အပူချိန် ဒီကလီ ဖျာလင်ဟိုက်…”
“အပူချိန် ဒီဂရီ ဖာရင်ဟိုက်ပါခင်ဗျ”
“အေး အဲဒါ ဘယ်လောက်ရှိတယ်ဆိုတာရယ်၊ ယောက်ျာဓားသွေး မိန်းမသားမွေး ဆိုတဲ့ စကားပုံမှာပါတဲ့ ယောက်ျား ဓားသွေးရဲ့ အဓိပ္ပာယ်ဟာ ဘယ်လိုဆိုတာရယ်…၊ နောက်ပြီးတော့…”
“ကျုပ် နောက်မှ လာနားထောင်ပါ့မယ် ဦးကြီး၊ အခု ဓားလာအပ်တာကလည်း ယောက်ျား ဓားသွေး မိန်းမသား မွေး စကားပုံနဲ့ မဆက်စပ်ပေမယ့် မိန်းမခိုးရင် ရန်သူကို ကာကွယ်ဖို့ ဓားလာအပ်တာပါ…”
“အိမ်း…”
ကိုရင်စံတင့်ဆက်နားမထောင်တော့။
ဓားဖိုးကျသင့်သလောက် ကိုရင်မိုးမှောင်ဆီမှာ သွားပေးကာ တစ်ချိုးတည်းလစ်လာခဲ့သည်။
———————-။——————–။—————————-
(၂)
“ခွေးမ၊ အေးမြ…လာခဲ့စမ်း”
“ကဲ့…၊ လာပြီ အဘ”
အေးမြရောက်လာသည်။ နောက်က ဆယ့်နှစ်နှစ်အရွယ် ကလေးသုံးယောက်ပါလာသည်။
“ပြောစမ်း၊ အဲဒီကောင် ဘာလာလုပ်တာလဲ”
“ဓားလာအပ်တာလေ အဘရဲ့၊ အဘတောင် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ဓားအကြောင်းကြွားလိုက်သေး တယ်မဟုတ်လား”
“အမှန်ကိုပြောတာလေ။ ငါတို့အမျိုး ဓားအကြောင်း ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာပြောပြတာ အဲဒါမှ ဓားကြောက်ပြီး အနားမကပ်ရဲမှာ။ အော် …နင်ကခိုးနားထောင်တယ်ပေါ့လေ…ဘယ်နည်းနဲ့မှ သွေးမရိုးပေဘူး၊ အမှန် ကိုသာပြော…လိမ်မယ်မကြံနဲ့၊ ဖိုသူကြီး ဦးရွှေတိုးတဲ့…. နာမည်တစ်လုံးနဲ့နေတာ…”
“ကဲ့…မီး မလိမ်ပါဘူး”
“ဘာ…ဘယ်က “မီး”လဲ၊ ဘယ်က “ကဲ့”လဲ”
“ဟို..ဟိုဖက်ဝိုင်းက မြို့ကပြန်လာတဲ့ စံပါယ်တင် ပြောသံကြားလို့ ပြောကြည့်တာ သူ့ကိုယ်သူ “မီး” တဲ့၊ မြို့မှ အဲဒီလို ပြောတာတဲ့၊ “ဟုတ်ကဲ့” ကိုလည်း အဖျားဆွတ်ပြီး “ဟုတ်” တစ်လုံးတည်းပြောတာတဲ့။ အဲ့တာကို မီးက  သူတို့ ပြောသလို ဟုတ်လို့မပြောချင်လို့ “ကဲ့”လို့ပြောကြည့်တာ…”
“အရူးမ၊ ကဲ…ငါမေးတာဖြေစမ်းပါ။ ဖြေစမ်းဘာ…”
ဒေါသ ထွက်ပြီ။
“ဟိုဟို…ကိုရင်စံတင့်လေ…မီးဆီကို အတင်းလာပြောတာ အဘရဲ့၊ သာလှနဲ့ မိတင်ဟန် ခိုးပြေးသွားတဲ့ အကြောင်းပေါ့၊ သူများကြားမှာ စိုးလို့တိုးတိုးကပ်ပြောတာ”
“အော်…ဒီအကောင်က ယောက်ျားပီပီအတင်းပြောတယ်ပေါ့လေ၊ သည်းကပြောလိုက်ပါလား သာလှနဲ့ မိတင် ဟန် တင်မဟုတ်ဘူး၊ ကရင်လေးဖိုးခွားနဲ့ မုဆိုးမသမီး ညိုတိုတိုနဲ့ ခိုးရာလိုက်သွားတာ ညသန်းခေါင်ကျော်၊ ကုလား ပြုံးချိုက ကုလားမချာလီနဲ့ ခိုးပြေးသွားတာက နာရီပြန်နှစ်ချက်၊ အပျိုကြီးသောင်းတင်က ခပ်ဆန်းဆန်းလေးဖြစ် အောင်သူနဲ့ နာမည်တူတဲ့ လူပျိုကြီး ဦးသောင်းတင်နဲ့ ခိုးရာလိုက်သွားတာက အရုဏ်တက်မှာ…အဲဒါတွေ သူမိဘူး မဟုတ်လား”
“ကဲ့…မီးတောင် မသိဘူး၊ အဘက ဘယ်လိုသိ…”
“ဖိုသူကြီး ဦးရွှေတိုးလေ၊ နာမည်တစ်လုံးနဲ့နေတာ၊ အေးသာယာရွာရဲ့ ဖြစ်စဉ်အဆန်းဆို ငါသိတာပေါ့၊ သာလှ နဲ့ မိတင်ဟန်က မနက်မှာ ဟိုဖက်ရွာက အပြန်မှာ လူချင်းတွေ့ပြီး ကြိုက်ပြီး ညခိုးရာလိုက်သွားတာ၊ ဖိုးခွားက လပြည့်ကျော်နေ့မှာ လှေတစ်စီးနဲ့ ငါးရှာထွက်ရင်း အိမ်က လင်ပေးစားလို့ စိတ်ညစ်ညစ်နဲ့ ရေထဲခုန်ချပြီး သေကြောင်းကြံမလို့ လုပ်နေတဲ့ ညိုတိုတို ကို ကယ်ရင်း အဲဒီမှာတင်  ခိုးရာလိုက်ဖြစ်သွားတာ၊ ကုလားပြုံးချိုက သူ့ သူ ငယ်ချင်းအတွက် ကုလားမ ချာလီကို ခိုးပေးရာကနေ သူငယ်ချင်းမလာဖြစ်လို့ သူပဲခိုးလိုက်ရတာ…”
“သိလည်းသိပါ့ အဘရယ်၊ မီးတောင် လိုက်ချင်လာပြီ”
“အေး….နင်သာ အဲဒီလို ခိုးရာလိုက်လို့ကတော့….ငါ့ဓားတွေနဲ့ နှစ်ကောင်လုံး ခုတ်သတ်ပစ်မှာ၊ နင့်အရွယ် ခိုးရာလိုက်ရမယ့် အရွယ် မဟုတ်သေးဘူး၊ အဲဒီမှာ…ကလေးတွေနဲ့ဆော့…”
ကောင်မလေးချည်းသုံးယောက်။
အေးမြရဲ့ ကစားဖော်ကစားဖက်တွေ။ အိုးပုတ်လုပ်တမ်း၊ တုတ်ဆီးထိုးတမ်း၊ တီထိုးတမ်း၊ ကုလားမစည်းနင်း၊ သားရေကွင်းခုန်(သားရေပင်ကို အရှည်ကြီးဆက်၍ကြိုးတန်းလုပ်ပြီးခုန်သော ကစားနည်း)၊ ထမင်းချက်တမ်း အကုန် ကစားသည်။ အေးမြကို ကလေးအရွယ်ဟု ဖခင်ဖြစ်သူကထင်နေသည်။ တကယ်ဆို အေးမြက ကလေးလားလားမျှ မဟုတ်။ကိုရင်စံတင့်နဲ့တောင်ခိုးရာလိုက်ဖို့ ချိန်းပြီးပြီ။ မနက်ဖြန်ည အုန်းမောင်းရှစ်ချက်ခေါက်ချိန်။
“နေညိုရင် ကလေးတွေကို ရေချိုးထမင်းစားဖို့ ပြန်လွှတ်လိုက်၊ဒီည လသာတော့ ကစားချင်ကစားဖို့ ပြန်လာရင် လာခိုင်းလိုက်”
“ကဲ့…အဘ၊ မီး သိပါတယ်”
အဘ ထွက်သွားသည်။
မီးနဲ့ ကစားဖော်တွေ ကျန်ခဲ့၏။
———————-။——————–။—————————-
(၃)
ရွာဦး ဘုန်းကြီးကျောင်ဆီမှ အုန်းမောင်း ခုနစ်ချက်။
လသာနေသည်။ ဖိုသူကြီးရဲ့ အိမ်ရှေ့မြေကွက်လပ်မှာ စိုပြေလျက်။ အေးမြနဲ့ ကလေးငယ်သုံးဦး တီထိုးတမ်း ကစားနေသည်။ ဦးရွှေတိုးနဲ့ ဇနီးဖြစ်သူတို့သည်လက်ဖက်ပွဲအကျအနတည်ခင်းလျက်သမီးဖြစ်သူတို့ ကစားပုံကို ကြည့်နေသည်။ ဦးရွှေတိုးသည် သမီးဖြစ်သူကို အိမ်ထဲမှ အိမ်ပြင်ပေးထွက်သူမဟုတ်။ အကယ်၍  ထွက်ခဲ့ရင်လည်း သူကိုယ်တိုင် အနားမှကပ်၍ပါတတ်သည်။ အဲသည်ကြားကပင် ရည်းစားရဖြစ်အောင် ရလိုက်သည့်သမီးကို အရင်က ထက်ပိုပြီးတင်းကျပ်ရတော့သည်။ ဆွေမျိုးထဲမှ ကလေးသုံးဦးခေါ်ကာ အချိန်ပြည့် ကစားစေသည်။ (ရည်းစားထားတဲ့ စိတ်ပျောက်ပြီး ကလေးစိတ်ဝင်ပါစေကြောင်း)
“ဟေး…မိပြီ၊ မကြီး အေးမြနဲ့ တင်တင်နဲ့ လိုက်ခလှည့်”
အေးမြနဲ့ တင်တင်က တစ်ဖက်။ စာဥနဲ့ သန်းအေးက တစ်ဖက် (စည်းဝိုင်းနှစ်ဝိုင်းမှာ တစ်ဖွဲ့ တစ်ဝိုင်းစီနေပြီး လိုက်ရမည့်အဖွဲ့မှ ထွက်ပြေးတာကို လိုက်ဖမ်းသည်။ စည်းဝိုင်းအပြင်ဖက်ရောက်သူတိုင်းကို “တီ” ဟု အော်သူက ဖမ်း ခွင့်ရှိသည်။ အားလုံသိသည့်ကစားနည်းမို့ အကျယ်ချဲ့ မရေးတော့ပါ)။အေးမြ ခိုးရာလိုက်ဖို့ အချိန် နောက်ကျနေမည်။
“အေး…ဒီတစ်ခါ မကြီးအေးမြလိုက်မယ်၊ စာဥနဲ့ သန်းသန်းကပြေး၊ ဒါပေမဲ့ စည်းဝိုင်းအတွင်းကို ပြန်မ၀င်နဲ့ တော့…မကြီးအေးမြလေ…”
အေးမြပြောတာကိုကလေးတွေ အာရုံစိုက်နားထောင်ရသည်။ အေးမြက သူတို့ကြားရုံလောက်ပဲ တိုးတိုးလေး ပြောတာကိုး။ ကလေးတွေ သဘောပေါက် ခေါင်းညိတ်သည်။
ကဲ…တီထိုးပွဲစပြန်ပြီ။
မရှင်းမှာစို၍ နည်းနည်း ရေးပါရစေ။ အေးမြက “တီလို့ အသံရှည်ကြီးနဲ့ အော်တဲ့အခါ တစ်ဖက်စည်းဝိုင်က စာဥ နဲ့ သန်းအေးတို့ စည်းပြင်ထွက်ပြီး ပြေးရမှာ။ အဲဒီအချိန်မှာ ပါးစပ်က တီ အော်သံကြီးနဲ့ အတိုင်း စာဥနဲ့ သန်းအေးကို အေးမြက လိုက်ဖမ်းရမှာ။ အော်သံ ပြတ်သွားရင်အေးမြအရှုံး။ စာဥနဲ့ သန်းအေးကတော့ အေးမြလိုက်တာ မပြေးနိုင် ရင် (မောနေရင်) စည်းဝိုင်းထဲ ပြန်နားခွင့်ရှိသည်။
ဒါပေမဲ့….အခုပွဲကတော့ နည်းနည်းဆန်းသည်။
အေးမြက “တီ” လို့ အော်လိုက်တာနဲ့ စာဥတို့ ပြေးသည်။ ပြေးတာမှ တော်တော့်ကို ပြေးတာ။ ရွာရဲ့ အရှေ့ဖက် စူးစူးဆီကို ဖနောင့်နဲ့ တင်ပါးတစ်သားတည်းကျအောင် ပြေးတာ။ အေးမြကလည်း အသည်းအသန်လိုက် တာပေါ့။
ဖိုးသူကြီး ဦးရွှေတိုးကလည်း ကြည့်ပြီးသဘောတွေကျလို့။ သူ့သမီး “တီ”လို့ အသံရှည်ဆွဲပြီး ပြေးတာကို သဘောကျတာ။ သမီးက ပြောထားတယ်လေ…ဒီနေ့ ဖျားချင်သလို ဖြစ်ပြိး ချွေးတွေ သိပ်မထွက်ဘူးတဲ့။ အဲဒါကြောင့် …အင်္ကျီသုံးထပ်၊ ထမီသုံးထပ်ဆင့်ဝတ်ကာ ချွေးထွက်အောင် ပြေးကစားတာ။ ပြေးပါစေ…ဒါမှ ချွေးထွက်မှာ ။
ဘယ်လောက်တောင်ပြေးကြသလဲမသိ၊
တော်ရုံနဲ့ ပြန်မလာကြပါ။
အဲ…ကွမ်းတစ်ယာညက်ခန့်ကြာတော့ ပြန်လာကြသည်။ စာဥနဲ့သန်းအေး၊ အေးမြပါမလာ။ ဒီတော့မှ ဦးရွှေတိုး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတာပေါ့။
“ဟဲ့…ညည်းတို့ မကြီးအေးမြရော”
တော်ရုံနဲ့မဖြေ။
ခေါင်းပဲခါသည်။ ဦးရွှေတိုး စိတ်မရှည်တော့။
ဘာဖြစ်လာတာလဲ…ငါဒေါသထွက်လာပြီနော်…မေးတာဖြေလေ..အေးမြဘယ်ရောက်သွားလဲ”
“ဟို..လေ”
စာဥခေါင်းကုတ်ကာပြောသင့်မပြောသင့်စဉ်းစားတုန်း….
“ကဲဟာ”
ဂေါက်ခနဲ ကြားလိုက်သည်။ စာဥမျက်နှာ ငိုမဲ့မဲ့ ဖြစ်သွားသည်။
“မဖြေသေးဘူးလား”
“ဖြေပါ့မယ်၊ မကြီးအေးမြကို လူတစ်ယောက်ခေါ်သွားတယ်”
“ဟင်…ဘယ်ကိုလဲ…ဘယ်ကလူလဲ…နင်တို့မတားဘူးလား”
“တားလို့မရဘူး ဘကြီးတိုးရဲ့ ၊ မကြီးအေးမြကိုက လိုလိုချင်ချင်လိုက်သွားတာ၊ စာဥတို့လည်းအတင်း မတားရဲဘူး၊ ကြောက်တယ်၊ ဟိုလူ့လက်ထဲမှာ ဓားကြီးနဲ့”
“ဓား…ဟုတ်လား”
“ဟုတ်တယ်…ငှက်ကြီးတောင်ဓား သေးသေးလေး၊ လူထိုးလို့လည်းရတယ်၊ ခုတ်သတ်လို့လည်းရတယ်တဲ့”
———————-။——————–။—————————-
(၄)
အဲဒီနောက်ပိုင်း…အေးသာယာရွာမှာ သတင်းတစ်ခုထွက်ပါတယ်။ ကိုရင်စံတင့်ရဲ့နောက်ကို ဖိုသူကြီးသမီး အေးမြက တီထိုးရင်းလိုက်သွားတယ်ဆိုတဲ့ သတင်း။ ရွာမှာလည်း အဲဒီ သတင်း၊ ရွာပြင်မှာလည်း အဲဒီသတင်း၊ ချောင်းထဲမှာလည်း အဲဒီသတင်း။ ထန်းတောထဲလည်းအဲဒီသတင်း၊ ခေတ်စားလှသည်။ ညဖက်လသာတုန်း တီထိုး တမ်းကစားကြရင်တော့ အဲဒီသတင်းကို တစ်ယောက်မဟုတ် တစ်ယောက်ပြောဖြစ်အောင်ပြောစမြဲ။
ဖိုသူကြီး ဦးရွှေတိုးကတော့ တီထိုးတမ်းကစားနေကြတာကိုမြင်တိုင်းမျက်နှာကြီး ရှုံ့ရှုံ့သွားတတ်သော အေး သာယာရွာမှာ အခုထိရှိလေရဲ့….။

တိမ်တိုက်ထွန်း(ကစ္ဆပနဒီ)ဘလော့ဂ်မှ ကူးယူဖော်ပြအပ်ပါသည်။ မူရင်းပို့စ်တင်သူနှင့် လာရောက်ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ရှိပါသည်။
                                                                                ရဲရင့်ကိုကို 

လက်သစ်ပန်းချီ -ဓနုတ်ကိုကိုဇော်


လက်သစ်ပန်းချီ

အဖေဆိုတာ
အရုဏ်ဦးရဲ့ ပန်းချီဆရာတစ်ယောက်လို
သစ်ခေါက်နီဆေးရောင်သုံးပြီး
အနီးအဝေးစုတ်ချက်တွေနဲ့
လောကရဲ့ဈေးကွက်ပေါ်တင်
မှတ်တမ်းဝင်ကောက်ကြောင်း တစ်စဟာ
ချိုမြိန်ခြင်းဘ၀လို့ ဆိုသတဲ့..။

ယုံကြည်မှုနဲ့ရေးသောပန်းချီ
ကြိုးသီတဲ့အဓိပ္ပာယ်
ဝယ်လို့လည်းမရောင်း
ဟောင်းလည်းသူမပစ်
သမိုင်းသစ်နေဖို့ပဲ လိုချင်သတဲ့..။

ဒါ...
ပန်းတို့ရဲ့ ဥယျာဉ်မှူး
ခူးပြီးလည်းသူမပန်
ပင်မြင့်စံဖို့သာ အဓိက
အဲဒီအလှတွေကြည့်ကြည့်ပြီး
ရှု့မငြီးတဲ့ အဖေ
ကုဋေချီပြီးတောင် ချမ်းသာသတဲ့..။

ဒါကြောင့်
အဖေများရဲ့ သမိုင်းတစ်ခုကို
နှိုင်းတုမရတဲ့ အလင်္ကာနဲ့
သား... ကဗျာဆရာဖြစ်ရင်
အသစ်ထွင်နိုင်ဖို့ ကြိုးစားမယ်..။

ဓနုတ်ကိုကိုဇော်ရဲ့ ကဗျာဟောင်းလေးပါ.. ။ အဖေ့ကို သတိရလာလို့ တင်လိုက်တာပါ...။ အားပေးတဲ့အတွက် ကျေးဇူးပါသူငယ်ချင်းတို့..။
                                                ရဲရင့်ကိုကို 

သင်္ကြန်ထမင်း စားကြရအောင်

သင်္ကြန်ထမင်း

သင်္ကြန်ရက်အတွင်း၌ အထူးသဖြင့်မြန်မာပြည်အောက်ပိုင်းတွင် သင်္ကြန်ထမင်းကျွေးလှူလေ့ရှိသည်။ သင်္ကြန်ထမင်းဆန်ကို ထမင်းချက်၍ ထမင်းကိုရေဆေးထားပြီး ဖယောင်းနံ့သင်းထားသောရေဖြင့်ဆမ်း၍ သင်္ကြန်စာနှင့်စားရသော အာဟာရတစ်မျိုးဖြစ်သည်။ သင်္ကြန်စာမှာ ငါးခြောက်(အထူးသဖြင့် ငါ့ရံ့ခြောက်) ကို ပြုတ်၍ သရက်သီးနှင့်သုပ်ထားသော ငါးခြောက်သရက်သုပ်တစ်မျိုးဖြစ်သည်။ သရက်သီးမှာအချဉ်ပေါက်ရုံမျှဖြစ်ပြီး ငါးခြောက်ကများသည်။ ဖယောင်းနံ့သင်းထားသောရေဖြင့် ဆမ်းနှစ် ထားသော ထမင်းကို ဇွန်းဖြင့်ကော်ယူပြီး သင်္ကြန်စာခေါ် ငါးခြောက်-သရက်သီးသုပ်နှင် ရောမြှုပ်၍စားသည်။ ခံတွင်းမြိန်၍ အရသာထူးသဖြင့် ကြိုက်နှစ်သက်သူ များသည်။ သင်္ကြန်ထမင်းကို မော်လမြိုင်တွင်သင်္ကြန်ရောက်တိုင်း ပြုလုပ်စားသုံးကြသည်ဟု မှတ်သားသိရှိရသည်။

သင်္ကြန်ထမင်းလုပ်နည်းအဆင့်ဆင့်အား ဖော်ပြပေးလိုက်ပါသည်။

သင်္ကြန် ထမင်းပြုလုပ်ရန်အတွက်ဆန်ကို ရေဆေး၊ အိုးထဲထည့်ပြီးဆန်ပြုတ်အိုးတည်သကဲ့သို့ရေများများထည့်၍ပြုတ်ပါ။
၎င်းထမင်းအိုးဆူရုံနှင့်မရဘဲ ဆန်များတော်တော်ကွဲ၍ လက်ဖြင့်ချေလိုက်လျှင်ကြေသွားသည်အထိ နူးအိနေအောင်ပြုတ်ပါ။ ထို့နောက် ဆန်ခါခံ၍ ထမင်းအိုးကိုသွန်ချလိုက်ပါ။ ခံထားသောဆန်ခါပေါ်တင်နေသောထမင်းများ ကိုရေအေးအေးဖြင့် အေးစက်သွားသည်အထိ ကြာကြာဖျန်းပေးပါ။ (ဖြစ်နိုင်လျှင်လက်ကိုင်ရေပန်းခရားအငယ်စားလေးဖြင့် ဖျန်းပေးပါ)
ထိုအခါ
ဆန်ခါထဲမှထမင်းများသည် ထမင်းရည်များ ကုန်စင်သွားသည့်အပြင် ဆန်တွင်ပါရှိသောက ဆီဓာတ်များပါရေတွင်ပျော်ဝင်ပါဝင်သွားကာမုန့်လက်ဆောင်းဖတ်ကဲ့သို့ပျော့စိပွအိ သွားပြီဖြစ်သည်။  ဖယောင်းသင်းရေရရှိရန်မြေသောက်ရေအိုးဖြင့် အများဆုံးပြုလုပ်ကြလေ့ရှိသည်။ သန့်ရှင်းသောမြေသောက်ရေအိုးအလွတ်ထဲတွင်သေချာစွာဆေးကြောထားသည့်ကျောက်ခဲသန့်သန့်ကိုခံ၍ ဖယောင်းတိုင်ထွန်း၍သော် လည်းကောင်း၊ မြေခွက်ငယ်ထဲတွင် မီးကျီခဲအနည်းငယ်ထည့်ပြီး၎င်း
 အပေါ်ဖယောင်းခဲငယ်များနှင့်နံ့သာစ နည်းနည်းထည့်၍မွှေးကြိုင်ညှော်သောမီးခိုးထွက်လာပါက သောက်ရေအိုးထဲ မီးခွက်ထည့်လိုက်ပြီးရေစို အ၀တ်သန့်သန့်နှစ်ထပ်ကို ရေညှစ်၍ အိုးကိုအုပ်လိုက်သောအခါ ရေစိုအ၀တ်ကြောင့် မီးသေသွားပြီး ဖယောင်းနှင့်နံ့သာနံ့များမှာ အိုးထဲတွင်စွဲကျန်ရစ်ပါက မီးခွက်ကိုအိုးထဲမှထုတ်လိုက်ခြင်းဖြင့်သော်လည်းကောင်း၊ ဖယောင်းသင်းနံ့ရရှိအောင်ပြုလုပ်ကြသည်။ ဖယောင်းသင်းနံ့စွဲကျန်နေသောအိုးထဲသို့သောက်ရေကို ထည့်ကာအဖုံးပိတ်ထားပါကဖယောင်းသင်းရေကိုရရှိမည်ဖြစ်သည်။ ၎င်းရေကုန်သွားပါကထပ်ဖြည့်ရုံသာဖြစ်သည်။

ငါးခြောက် ထောင်းကြော်ပြုလုပ်ပုံမှာငါးကွန်းရှပ်ခြောက်ကို ရေစင်စင်ဆေး၍ အိုးထဲတွင် ရေမြုပ်ရုံထည့်ပါ။ ငါးခြောက်များ နူး၍ ပွလာသောအခါ အအေးခံ၍အသားနွှင်ကာ ဆုံထဲထည့်ထောင်းပါ။ ငါးခြောက် သက်သက်ကိုသာ ကြော်ပါက အငန်ကဲ နေမည်ဖြစ်သောကြောင့်ပွပွနှင့် မွမွဖြစ်ကာအချိုလေးစေရန်ပုစွန်ခြောက်ရောရမည်ဖြစ်သည်။ ပုစွန်ခြောက်ကို ရေစင်စင်ဆေး
 ၍ထောင်းကာ ငါးခြောက်နှင့်ဆတူရောပါ။ အချို၊ အငန်တွဲပြီးပါက အချဉ်ဓာတ် လိုနေပြီဖြစ်ရာ သင်္ကြန်ရာသီတွင်ပေါများလွယ်ကူစွာရရှိသည့်သရက်သီးစိမ်းကိုအသုံးပြုမည်ဖြစ်ပြီးမရမ်းသီးနှင့်လည်းပြုလုပ်နိုင်ပါသည်။

သရက်သီးစိမ်းကိုခြစ်၍အချဉ်ရည်များကုန်စင်အောင်ညစ်ရမည်ဖြစ်ပြီးမရမ်းသီးနှင့်ပြုလုပ်ပါက ပါးပါး လှီး၍ထည့်ရမည်ဖြစ်သည်။ ကြက်သွန်နီကိုလေးစိတ်ကွဲခွဲထားပါ။ အချိုအားဖြည့်သောအနေဖြင့် ကြက်သွန်နီများများထည့်ပါ။ ငါးပိကိုရေဖျော်ထည့်၍မရသောကြောင့် သဲမပါစေရန် ငါးပိစိမ်းကောင်း အနည်းငယ်လိုသည်။ ငါးပိကအချဉ်ဓာတ်ကိုထိန်းပြီးအချိုကဲစေသည်။ ဆနွင်း အနည်းငယ်လည်းလိုသည်။ ရွှေအပ် ငရုတ်သီးကဲ့သို့သေးငယ်သောငရုတ်သီးအခြောက်တောင့်များကိုနီညိုရောင်ဖြစ်လာသည်အထိ ဆီပူထဲတွင်ကြော်၍ပြန်ဆယ်ထားပါ။ ငါးခြောက်ထောင်းကြော်ထဲတွင်ပါဝင်မည့်ပစ္စည်းအားလုံးကိုမကြော်ခင် သမအောင်နယ်ထားပါ၊ (ကြက်သွန်နီမပါသေး)။ မနယ်ဘဲကြော်ပါကအိုးကပ်နိုင်သည်။ အချို၊ အချဉ်၊ အငန်တို့ကို မိမိနှစ်သက်သလို ထပ်ထည့်ပါ။ ၎င်းနောက် ငရုတ်သီး ကြော်ထား၍ အရောင်ကျန်နေသော ဆီထဲသို့ အားလုံးရောထည့်၍ကြော်ပါ။ နူးစေရန်ရေ အနည်းငယ် ထည့်ပါ။ ၁၅ မိနစ်ခန့် ကြော်ပြီး နောက်ဆုံးမှ ကြက်သွန်နီကို ထည့်ပါ။ကြက်သွန်နီများ ပျော့အိမသွားဘဲ စားကောင်းရုံသာ ရှိရပါမည်။ ငါးခြောက် ထောင်းကြော်မှာ သရက်သီး၊ကြက်သွန်တို့ ပါဝင်မှုကြောင့် အခြောက်ကြော်မဟုတ်ဘဲ အစိုကြော်အဖြစ် မွှေးကြိုင်စွဲမက်စားချင်စဖွယ်ဖြစ်နေမည်ဖြစ်သည်။

ကဲ.. သူငယ်ချင်းတို့ရေ.. ဒီနှစ်သင်္ကြန်တော့ သင်္ကြန်ထမင်းလေး လုပ်စားလိုက်ကြရအောင်လား..။ 
  

ရဲရင့်ကိုကို
စာကိုး။   မြန်မာ့ရေးရာ သုတပဒေသာ၊ Theint's blog

သူငယ်ချင်းများ ကျေးဇူးတင်ပါတယ်နော်..။