(၁)
ရိုးရိုးသားသားဝန်ခံရလျှင် ကျွန်တော့်ဘ၀တစ်သက်တာတွင် ဒီလိုနေရာမျိုးကို ဒါ ပထမဆုံးရောက်ဖူး
ခြင်းပင်ဖြစ်သည်။
အသက်အရွယ်အရသော်လည်းကောင်း၊ မိမိကိုယ်ပိုင်ဆန္ဒအရသော်လည်းကောင်း သည်လိုနေရာမျိုး သို့ရောက်အောင်သွားမည်ဟု
တစ်ခါမှစိတ်မကူးခဲ့မိချေ။ယောက်ျားသဘာဝအရ အရက်၊ဘီယာတို့နှင့်မကင်း တတ်သော်လည်း တစ်ခါတစ်ရံသောက်မိစားမိလျှင်ဖြင့်
တိတ်ဆိတ်အေးချမ်းသောနေရာမျိုးကိုသာ ကျွန်တော် ရွေးချယ်တတ်ခဲ့သည်။
ကျွန်တော်ရန်ကုန်ရောက်လာခဲ့လျှင်ဖြင့် ကျွန်တော့်ငယ်သူငယ်ချင်း အောင်မင်းကတော့ သည်နေရာကို
လိုက်လာဖို့အမြဲစည်းရုံးတတ်ခဲ့သည်။ကျွန်တော်ကလည်းသူခေါ်သမျှအမြဲငြင်းဆန်နေတတ်ခဲ့သည်။သူကတော့
သူ့အိမ်နှင့် သုံးဖာလုံခန့်သာဝေးကွာသော သည်ဆိုင်လေးသို့ နေ့စဉ်နှင့်အမျှလမ်းလျှောက်၍
သွားတတ်သည် တဲ့။
``ဘယ်လိုလဲသူငယ်ချင်း ငြိမ်လှချည်လားကွ၊ အရောက်နောက်ကျလှချည့်ရဲ့ဆိုပြီး နောင်တတွေရနေ
တာလား´´
ကျွန်တော် အောင်မင်းအမေးကိုချက်ချင်းပြန်မဖြေမိ။ တစ်ချက်ပြန်ပြုံးပြရင်း စင်ပေါ်မှနတ်မိမယ်လေးများ၏ လှုပ်ရှားမှုများကိုသာငေးမောကြည့်နေမိသည်။
နေပြည်တော်မှ အလုပ်ကိစ္စဖြင့် အနည်းဆုံးတစ်လနှစ်ခါလောက်ရောက်ရောက်လာတတ်သော ကျွန်တော့်ကို
သူငယ်ချင်း အောင်မင်းက သူ့အိမ်မှာအမြဲတည်းခိုခွင့်ပြုသလို သည်ဆိုင်လေး၏တပ်မက်ဖွယ် ဆွဲဆောင်မှုများအကြောင်းကိုလည်း
ကျွန်တော့် အားအမြဲပြောပြတတ်သည်။
သည်ဆိုင်က ကောင်မလေးတွေ ဘယ်လောက်လန်းကြောင်း၊ သီချင်းဆို ဘယ်လောက်တော်ကြောင်း၊ ပြုစုယုယဆက်ဆံမှုတွေ
ဘယ်လောက်နွေးထွေးကြောင်း၊ သည်ဆိုင်လေး၏၀န်ဆောင်မှုတွေ ဘယ်လောက်ကောင်းကြောင်း၊ စသည်
. . .စသည်. . . . ။ နောက်ဆုံးတော့၊
အောင်မင်းတစ်ယောက် သည်ဆိုင်ကိုဘာကြောင့်င်္ဒီလောက်စွဲလမ်းရသလဲ၊ စင်တင်တေးဂီတ၏အရသာက ဘယ်လိုလဲ ဆိုသည့်
စူးစမ်းလိုစိတ်ဖြင့် အောင်မင်းခေါ်ရာနောက်ကျွန်တော်လိုက်လာခဲ့မိတော့သည်။ တကယ် တန်းဆိုင်ထဲရောက်လာခဲ့ သည့်အချိန်မှာတော့
အောင်မင်းပြောခဲ့သလို စွဲဆောင်မက်မောစရာတွေ ကျွန်တော် သိပ်မတွေ့ရတာအမှန်။
အောင်မင်းတစ်ယောက်ကတော့ ဘီယာလေးမော့လိုက်၊ အမြည်းလေးမြုံ့လိုက်၊ ကောင်မလေးတွေ
ဆိုတဲ့သီင်္ချင်းနောက်ကိုလိုက်ငြီးလိုက်၊ ပန်းကုံးထစွပ်လိုက်၊ အဆိုတော်ကောင်မလေးတွေကို
စားပွဲဝိုင်းမှာခေါ်ပြီး မထိတထိ စနောက်ပြောဆိုလိုက်ဖြင့် အသက်အရွယ်နှင့်မလိုက်အောင်
ပျော်ရွှင်မြူးထူးနေတာကို တွေ့နေရသည်။ ငါးဆယ်ကျော် အသက်အရွယ်တွေဆိုတာကို မေ့ထားနိုင်ကြသည်ဆိုဦးတော့၊
အောင်မင်းအနေဖြင့် အိမ်ထောင်မရှိသူ လူလွတ်တစ်ယောက်ပါဟု အကြောင်းပြရန်လွယ်ကူသော်လည်း၊
သမီးသုံးယောက်၏ ဖခင်ဖြစ်သော ကျွန်တော့်အတွက်တော့ စိတ်ထင်တိုင်းကျဲ၍ မသင့်တော်မှန်း
အလိုလိုသိနေမိသည်။
စင်မြင့်ထက်ကနတ်မိမယ်လေးတွေ တစ်ယောက်ဆင်းတစ်ယောက်တက်ဖြင့် ဖျော်ဖြေနေကြချိန်မှာ ကျွန်တော်နှင့်အောင်မင်းတို့ကတော့
င်္ဘီယာတွေတစ်ခွက်ပြီးတစ်ခွက်သောက်ရင်းဖြင့် မူးယစ်ရီဝေခြင်းဆီသို့ ဦးတည်စပြုနေ ကြပြီဖြစ်သည်။
``အခုတစ်ခါ ဆက်လက်တင်ဆက်မှာကတော့ ကျွန်တော်တို့ဆိုင်ရဲ့ အလှဘုရင်မလေးဖြစ်တဲ့ `ရွှေရည်´
ရဲ့ဖျော်ဖြေတင်ဆက်မှု ဖြစ်ပါတယ်´´
အစီအအစဉ်တင်ဆက်သူ၏ စူးရှသောအော်သံကကျွန်တော့်နားစည်သို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာ
သည်။
ဒီဆိုင်ရဲ့အလှဘုရင်မလေးဆိုပါလား။
အောင်မင်းတစ်ယောက် ဒီဆိုင်ကိုစွဲလမ်းနေတာ ဒီကောင်မလေးကြောင့်များဖြစ်နေမလား။
ကျွန်တော် အောင်မင်း ဘက်ကိုလှည့်ကြည့်တော့ `ဟိတ်ကောင်အောင်ကို မိုက်တယ်၊ အဲဒီကောင်မလေး တော်တော်မိုက် တယ်၊ ကြည့် ကြည့်သေချာကြည့်´ဟုလှမ်းပြော၏။
ကျွန်တော်လည်း အောင်မင်း၏ `ကြည့်ကြည့်´ဆိုသောစကားကြောင့် မှေးစင်းစပြုနေပြီဖြစ်သော
မျက်လုံးအစုံကို တတ်နိုင်သမျှဆွဲဖွင့်ရင်း စင်ပေါ်သို့ပြူးပြဲကြည့်လိုက်မိသည်။
ကောင်မလေးစင်ပေါ်တက်လာပြီး မကြာမီအချိန်အတွင်းမှာတော့ ကျွန်တော်လုံးဝမထင်မှတ်ထားသော
ဝေဒနာတစ်ခုက ကျွန်တော်ရင်ထဲသို့ စူးစူးနစ်နစ်စိုက်ဝင်လိုက်သလို ခံစားလိုက်ရလေသည်။
ကောင်မလေး၏စကပ်တိုလေးက ပေါင်ရင်းအထိကပ်နေသလို ၀တ်ထားသောအင်္ကျီကလည်းကျောပြင်တစ်ခုလုံး ပြောင်နေကာ
ပရိသတ်ဘက်မျက်နှာမူလိုက်ချိန်တော့ မမြင်အပ်သောရှိုက်ကြီးဖိုငယ်တို့ကို အထင်းသားတွေ့နေရသည်။
သည်ကိစ္စ က ကျွန်တော့်ရင်ဘတ်ကိုမထိ။
ခန္ဓာကိုယ်တစ်ခုလုံးကို တွန့်လိမ်ကွေးကောက်ကာ စိတ်ရှိလက်ရှိလှုပ်ရမ်းကပြနေမှုကြောင့် ပုရိသတို့၏
တူညီသော လက်ခုပ်သံများက စားသောက်ဆိုင်တစ်ဆိုင်လုံးကို ၀ုန်းဒိုင်းကျဲဆူညံသွားစေခဲ့သည်။
သည်ကိစ္စကလည်း ကျွန်တော့်ရင်ဘတ်ကို မထိ။
ခဏတာအတွင်းမှာပင်အံ့သြစရာကောင်းလောက်အောင်များပြားလှသော ပန်းကုံးများကလည်း ကောင် မလေးလည်ကုတ်တစ်ခုလုံးဆီသို့
အရှိန်အဟုန်ကြီးစွာဖြင့်စုပြုံရောက်ရှိသွားလေသည်။ သည်ကိစ္စကလည်း ကျွန်တော့်ရင်ဘတ်ကို
မထိပြန်သေး။
အတိုင်းအဆမဲ့လွတ်လပ်ပွင့်လင်းလွန်းလှသောဝတ်စားဆင်ယင်မှု၊အလွန်တရာ ဆိုးရွားညှို့ငင်နေသော
ကပြဖျော်ဖြေမှု၊ လူပျိုပေါက်အရွယ်တွေအစ သက်ကျားအိုတွေအဆုံး အားလုံးသောပုရိသများ၏ ချည်နှောင်
အားပေးမှုများကို အကြောက်အရွံ့ လုံးဝမရှိသည့် ရဲရဲတောက် အမူအရာ။
သည်အရာအားလုံးကို ရဲရဲတောက်ပြုမူနေသောကောင်မလေးသည် အလွန်ဆုံးရှိလှမှ အသက်(၁၆) နှစ်အရွယ်လောက်ပဲ ရှိဦးမည်။
အောင်မင်းပြောသော `အဲဒီကောင်မလေးတော်တော်မိုက်တယ်´ ဆိုတာ ဒါတွေကိုပြောတာလား။
သေချာတွေးကြည့်လျှင် ကျွန်တော့်သမီးအငယ်ဆုံးလေး `နွေးနွေး´လောက်ပဲရှိဦးမည်။
ဒီလောက်ငယ်ရွယ်လွန်းလှသောမိန်းကလေးတစ်ယောက်ကို သည်လိုအလုပ်တွေလုပ်ရဲအောင်ဘယ်သူတွေက ခိုင်းစေ ခဲ့တာလဲ။
ဒီကောင်မလေး၏လှုပ်ရှားမှုတို့မှ ရရှိလာသောအကျိုးအမြတ်တွေကို ဘယ်သူတွေက ခံစားစံစားနေကြတာလဲ။
ကံဆိုးမိုးမှောင်ကျလာသောတစ်ချိန်ချိန်၌ ဒီကောင်မလေး မတော်တဆလမ်းမှား ချော်ကျခဲ့သော်
ဘယ်သူတွေက ကယ်တင်ဖေးမ ကြမှာလဲ။
သည်အတွေးများကတော့ ကျွန်တော့်ရင်ဘတ်ကို ကြေကြကွဲကွဲထိခိုက်စူးဝင်သွားလေသည်။
ကျွန်တော်သောက်ထားခဲ့သောဘီယာတို့၏ မူးယစ်ရီဝေမှုတို့သည်လည်း ကျွန်တော်ခန္ဓာကိုယ်ထက်မှ
တစ်စစီ လွင့်စင် ပြေးထွက်သွားကြလေပြီ။
ကျွန်တော် လုံးဝ ခံစားနိုင်စွမ်းမရှိတော့။
စားပွဲထိုးကောင်လေးကို လက်ခုပ်တီး လှမ်းခေါ်လိုက်မိသည်။
(၂)
``အန်ကယ် ရွှေရည်နဲ့ စကားပြောလို့ရမလား ´´
စားပွဲထိုးကောင်လေးက ကျွန်တော့်ကို မရဲတရဲကြည့်သည်။ ပြီးနောက် . . .ရွှေရည်ရှိရာ စင်မြင့်ထက်သို့လည်း တစ်ချက် လှမ်းမျှော်ကြည့်သည်။
``အန်ကယ် ပန်းကုံးစွပ်ပြီးပြီလား´´
``ပန်းကုံး ဟုတ်လား၊မစွပ်ရသေးဘူး၊ဘာဖြစ်လို့လည်း´´
``ဟိတ်ကောင်အောင်ကို၊ မင်းဘာတွေလျှောက်လုပ်နေတာလည်း၊ မသိရင်လည်းငါ့ကိုမေးပါကွ။ ပန်းကုံးမစွပ်ပဲ ဘယ်ကောင်မလေးနဲ့မှ စကားပြောလို့မရဘူးကွ ၊ဘာလဲ မင်း ရွှေရည်ကိုကြွေသွားပြီိမဟုတ်လား´´
စားပွဲထိုးကောင်းလေးနေရာမှာ အောင်မင်းကကြားဖြတ် ၀င်ဖြေခြင်းဖြစ်သည်။ ကျွန်တော် စားပွဲထိုးကောင်လေးဘက်ကို လှည့်ကြည့်တော့ ကောင်လေးက သူပြောလက်စ စကားကို ဆက်ပြော၏။
``ဟုတ်ပါတယ်ခင်ဗျ ၊ပန်းကုံးမစွပ်ပဲ စကားလာပြောရင် ဘယ်ကောင်မလေးပဲဖြစ်ဖြစ် ပိုက်ဆံအဖြတ်ခံရတယ်ခင်ဗျ´´
``ဒါဆိုလဲ မင်းတက်စွပ်လိုက်ကွာ ၊ငါ ပိုက်ဆံပေးမယ် ၊ဟုတ်ပြီလား´´
ခဏနေတော့ ကျွန်တော်ဝယ်လိုက်သောပန်းကုံးကို စားပွဲထိုးကောင်လေး တက်စွပ်တာတွေ့လိုက်ရသည်။
ကောင်လေး အရိပ်ခြေပြ၍သာ ကျွန်တော်ဝယ်သောပန်းကုံးဟု မှန်းဆပြောရခြင်းဖြစ်သည်။ တကယ်တမ်းဆိုလျှင်တော့
ကောင်မလေးလည်ပင်းထက်မှ မရေနိုင်မတွက်နိုင်သောပန်းကုံးများကြားထဲမှာ ကျွန်တော့်ပန်းကုံး
ဘယ်နေရာကိုပင် ရောက်နေသည်မသိ။သည်လိုနှင့် . . . . . ၊
မရေနိုင်မတွက်နိုင်သောယောက်ျားပေါင်းများစွာတို့၏ စားပွဲပေါင်းမြောက်များစွာကိုဖြတ်သန်းပြီးချိန်မှာတော့ ရွှေရည်ဆိုသော ကောင်မလေးတစ်ယောက် ကျွန်တော်တို့စားပွဲဝိုင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်ရှိလာလေတော့၏။
``သမီးအသက် ဘယ်လောက်ရှိပြီလဲ´´
``(၁၆)နှစ်ပြည့်ပြီးလို့ (၁၇)နှစ်ထဲကို တစ်လလောက်ဝင်နေပြီ´´
``သမီး ကျောင်းကို ဘယ်နှစ်တန်းအထိနေခဲ့ရလဲ´´
``သမီး ရှစ်တန်းအောင်လို့ ကိုးတန်းတက်ခါနီးမှာ အဖေရုတ်တရက်ဆုံးသွားလို့ ကျောင်းကထွက်လိုက်ရတယ်´´
ကောင်မလေးက ကျွန်တော်မေးသမျှတွေကို သွက်သွက်လက်လက်ဖြေပေးသလို သူ့မျက်နှာကို အကဲ ခတ်ကြည့်တော့လည်း
ရှက်ရွံ့တွန့်ဆုတ်နေဟန်လုံးဝမရှိတာကိုလည်းတွေ့ရသည်။ ထိုင်တော့လည်း ကျွန်တော် နှင့်အနီးဆုံးးမှာ
လိုအပ်တာထက်ပို၍ပူးကပ်ထိုင်ရင်း သူ့လက်တစ်ဘက်ကို ကျွန်တော့်ပေါင်ပေါ်မှာပင် တင်ထား လိုက်သေးသည်။
``သမီးက ဘယ်မှာနေတာလဲ၊ပြီးတော့၊ ဒီကို ဘယ်လိုလာသလဲ´´
``နေတော့ ဖော့ကန်မှာနေတယ်၊ ညနေလေးနာရီလောက်ဆို ဒီကို လိုင်းကားစီးပြီးလာတယ်၊ ညပိုင်းဆိုတော်တော်မိုးချုပ်တယ်၊
နှစ်နာရီလောက်မှပြန်ရတယ်၊ ပြန်တာကတော့ ဒီဆိုင်က ဖယ်ရီနဲ့ပဲပေါ့၊´´
``ဘီယာတွေဘာတွေကောသောက်တတ်လား´´
``သောက်တတ်တယ်လည်းမဟုတ်ဘူး၊ မသောက်တတ်ဘူးလဲမဟုတ်ဘူး၊ ဧည့်သည်တွေကျေနပ် အောင်တော့ နည်းနည်းပါးပါးသောက်ပြရတယ်၊ဒါပေမယ့်
အခုတော့တော်ပြီ၊ ဟိုဘက်ဝိုင်းတွေမှာသောက်လာရ တာ နည်းနည်းတောင်မူးချင်နေပြီ´´
ကောင်မလေးနှင့်စကားပြောရင်း တခြားစားပွဲဝိုင်းများကိုမျက်လုံးဝေ့ကြည်မိတော့ အသက်အရွယ်
အမျိုးအစားစုံလင်လှသော ယောက်ျားပေါင်းများစွာက ရှိသမျှစားပွဲအားလုံးအပြည့်ထိုင်ပြီး
အားပေးနေတာ ကိုတွေ့နေရသည်။ သူတို့နံဘေးမှာတော့ အဆိုတော်ဆိုသောကောင်မလေးတွေက တစ်ယောက်ပြီးတစ်
ယောက် ၀င်ထိုင်နေတာကိုတွေ့နေရသည်။
တချို့က ယောက်ကျားများနှင့် အလွန်နီးကပ်စွာ၊ တချို့က ယောက်ျားများနှင့် ရင်းနှီးစွာ၊တချို့
က ယောက်ကျာများနှင့် နွေးထွေးစွာ၊ တချို့က ယောက်ျားများ၏ရင်ခွင်မှာ၊ တချို့က . .
. . ၊
``သမီး လစာဘယ်လောက်ရလဲ´´
``လစာလား သုံးသောင်းရတယ်လေ´´
``ဒါပဲလား နည်းလှချည်လား´´
``လစာကတော့ နည်းတာပေါ့ဦးရဲ့၊ ဒါပေမယ့် လစာကအဓိကမကျဘူးလေ၊ အဓိက က ပန်းကုံး များများကျဖို့အရေးကြီးတာ၊သမီးတို့က
ပန်းကုံးဖိုးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းရတယ်လေ၊ တကယ်ပန်းကုံးကျတဲ့ လဆိုရင် တစ်သိန်းခွဲနှစ်သိန်းလောက်ရတာဦးရဲ့´´
``သမီး ဒီအလုပ်ကို ဘာပြုလို့လုပ်တာလဲ။ ပိုက်ဆံရဖို့အတွက်ပဲလား´´
``သမီးကသီချင်းဆိုရတာကိုလည်းဝါသနာပါပါတယ်။ ဒါပေမယ့် သမီးတို့ကဆင်းရဲတော့ ပိုက်ဆံရဖို့
အတွက် အဓိကလုပ်ရတာပေါ့ဦးရယ်´´
``သမီးကို ဦးမေးမယ်နော်၊ ဒီအလုပ်က မိန်းကလေးတစ်ယောက်အတွက် မသင့်တော်ဘူးလို့ တစ်ခါတစ်လေ
မတွေးမိဘူးလား´´
``တွေးတော့တွေးမိတာပေါ့ဦးရယ်၊ ဒါပေမယ့် ဒီအလုပ်လောက်အဆင်ပြေတဲ့ တခြားအလုပ်ရဖို့ဆိုတာက လွယ်တာမှ မဟုတ်တာ´´
ဘ၀ရပ်တည်ချက်အတွက်ဆိုသောအကြောင်းပြချက်ဖြင့် ကြုံရာအလုပ်တွေမှာ ကြုံသလိုဝင်လုပ်နေရ
သောမိန်းကလေးများစွာထဲက မိန်းကလေးတစ်ယောက်၏ဘ၀ဟု ကျွန်တော်တွေးမိသည်။
သည်လိုနှင့် . . . . . . . ၊
တချို့တွေကတော့ . . .
ကံကောင်းထောက်မစွာဖြင့် အဆင်ပြေသွားကြသူတွေရှိသလို၊
တချိုကတွေကတော့ . . . .
ဘ၀တွေအရောင်လက်ဖို့အတွက် သိက္ခာတွေ မှေးမှိန်နစ်မြုပ်လိုက်ကြရ။
တချိုကတွေကတော့ . . . . .
သိက္ခာတွေအရောင်လက်ဖို့အတွက် ဘ၀တွေ မှေးမှိန်နစ်မြုပ်လိုက်ကြရ။
``သမီးစိတ်ဝင်စားမယ်ဆိုရင် ဦး သမီးကို အလုပ်ရှာပေးလို့ရပါတယ်၊´´
``ဘယ်မှာလုပ်ရမှာလဲဦး ၊ ဘာအလုပ်လဲ ´´
``နေပြည်တော်မှာလုပ်ရမှာ ၊အလုပ်ကတော့ ဟိုတယ်အလုပ်ပေါ့၊ နေပြည်တော်က ဟိုတယ်တွေမှာ ဦးသူငယ်ချင်း
မန်နေဂျာတော်တော်များများရှိတယ်၊ ၀င်ခါစ ဆိုရင်တော့ ငါးသောင်း ခြောက်သောင်းလောက် ရမယ်၊
ခြောက်လ တစ်နှစ်လောက်နေလို့ လုပ်သက်ရင့်လာပြီဆိုရင် သမီးပြောတဲ့ တစ်သိန်းခွဲ နှစ်သိန်း
လောက်တော့ရကြတာပဲ´´
``ဦးကိုတော့ကျေးဇူးတင်ပါတယ် ၊ဒါပေမယ့် နောက်ထပ်ခြောက်လတစ်နှစ်လောက်နေမှ လက်ရှိအခြေ
အနေလောက်တောင်ဖြစ်လာဖို့ မသေချာတဲ့အလုပ်ကိုမျှော်ပြီး လုပ်ဖို့်ဆိုတာမဖြစ်နိုင်ပါဘူး၊
အခု လက်ရှိဝင်ငွေနဲ့ တောင်မှ မနည်းရုန်းကန်နေရတာ၊ဒီ ခြောက်လတစ်နှစ်လောက်အတွင်း တစ်လ
ဝင်ငွေလေး လေးငါးခြောက်သောင်းနဲ့ သမီးတို့မိသားစု ဘယ်လိုရပ်တည်ရပါ့မလဲ၊ မဖြစ်နိုင်ပါဘူးဦးရယ်´´
``ဒါကတော့ တစ်ခုလိုချင်ရင် တစ်ခုတော့ပေးဆပ်ရမှာပေါ့သမီးရယ်၊ အခု သမီးလုပ်တဲ့အလုပ်ကို
ကြည့်စမ်းပါဦး၊ ပန်းကုံးစွပ်တဲ့လူမှန်သမျှကို လူအိုဆိုလည်းလက်ခံရ၊ လူပျိုဆိုလဲလက်ခံရ၊
လာသမျှလူတွေကလည်း သမီးတို့ဆီကတစ်ခုခုလိုချင်လို့ လာကြတာချည်းကများတယ်၊ပြီးတော့ အားလုံးကမူးမူးရူးရူးနဲ့၊
မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက်အန္တရာယ် များသလဲ၊တွေးသာကြည်တော့´´
``ဦးရဲ့စေတနာကို သမီးလေးစားပါတယ်၊ ဒါပေမယ့်ဦးရယ် သမီး ဒီအလုပ်လုပ်လာတဲ့ တစ်နှစ်ကျော်အတွင်းမှာ သမီး ယောက်ျားမျိုးစုံကိုလက်ခံစကားပြောခဲ့ရပါတယ်၊ဦးပြောသလို သမီး နည်းမျိုးစုံနဲ့အစမ်းခံခဲ့ရဖူးပါတယ်၊ ဒါပေမယ့် သမီး အလုပ်ကိုအလုပ်လိုပဲ သဘောထားတယ်၊ သမီး ဘယ်သူ့နောက်မှ မပါဘူးပါဘူး၊
ကျေးဇူးတင်ပါတယ်ဦး၊ သမီးအလှည့် ရောက်ကာနီးလို့ သွားလိုက်ပါဦးမယ်။´´
ကျွန်တော် ဘာမှဆက်မပြောနိုင်သေးခင်မှာပင် ကောင်မလေးက ကျွန်တော့်အပါးမှထွက်သွားတော့၏။
ကျွန်တော် စိတ်မကောင်းဖြစ်ရုံကလွဲ၍ ဘာမှမတတ်နိုင်တော့။ ကောင်မလေးကျောပြင်ကိုသာ ငေးကြည့်ရင်း
ငုတ်တုတ်မေ့ကျန်ရစ်ခဲ့တော့၏။
ခပ်လှမ်းလှမ်းရောက်ချိန်မှာတော့ ကောင်မလေးက နောက်ပြန်တစ်ချက်လှည့်ကြည့်ရင်း ကျွန်တော့်ကို
စကားတစ်ခွန်း ပြောဖြစ်အောင် လှမ်းပြောလိုက်သေးသည်။
``ဘယ်လိုအခြေအနေပဲရောက်ရောက် ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး ဦးရယ်´´ တဲ့။
(၃)
အောင်မင်းလက်ကိုဆွဲခေါ်ရင်း စားသောက်ဆိုင်ထဲကပြန်ထွက်လာချိန်မှာတော့ ရပ်ကွက်တစ်ခုလုံး
မီးပြတ်နေတာကို တွေ့လိုက်ရသည်။
အပြန်လမ်းတစ်ခုလုံးမှောင်မဲနေသဖြင့် ကျွန်တော်ရှေ့ဆက်မလျှောက်ရဲသေးပဲ စားသောက်ဆိုင်ရှေ့
ကွပ်ပစ်ကလေးပေါ်မှာ ခဏ၀င်ထိုင်လိုက်မိသည်။ ကျွန်တော်ထိုင်နေတာကိုမြင်တော့ အောင်မင်း
ကျွန်တော့်ကို မကြည်သလို တစ်ချက်ကြည့်ရင်း-
``ဟေ့ကောင်အောင်ကို ၊ ဘာဖြစ်လို့ထိုင်နေတာလည်း ၊ပြန်ကြမယ်လေကွာ´´
``ဟာ ၊မင်းကလဲ မီးပြတ်လို့ လမ်းတစ်ခုလုံးမှောင်မဲနေတဲ့ဟာကို၊ ဓာတ်မီးကလည်းပါတာမဟုတ်ဘူး၊
မြွေပါးကင်းပါးကြောက်တယ် ကွာ၊ မပြန်ရဲသေးဘူး၊ မီင်္းပြန်လာမှပဲ ပြန်ကြမယ်ကွာ၊´´
``ဟိတ်ကောင်မင်းရူးနေလား၊ ဒီလမ်းတစ်ခုလုံးပြောင်စင်နေအောင် သန့်ရှင်းရေးလုပ်ထားတဲ့ဟာကို၊
ဘာမြွေမှမရှိပါဘူးကွ၊ လာ လာ ပြန်ကြမယ်´´
အောင်မင်းက ကျွန်တော့်လက်ကို အတင်းဆွဲ၏။ ကျွန်တော်ကလည်း အတင်းပြန်ရုန်း၏။
သည်လိုနှင့် . . . . . ၊
အောင်မင်းကိုမလွန်ဆန်နိုင်သည့်အဆုံးမှာတော့ အောင်မင်းဆွဲခေါ်ရာ အပြန်လမ်းမပေါ်သို့ ကျွန်တော်
လိုက်ပါသွားရတော့၏။
အောင်မင်း အတင်းဆွဲခေါ်သဖြင့် အမှောင်ဖုံးသောလမ်းမထက်ကို ရောက်လာချိန်မှာလည်း ကျွန်တော့်ခြေထောက်တို့က
လမ်းမထက်ကိုရဲရဲ မနင်းရဲကြ။ ကျွန်တော် မျက်လုံးကိုအစွမ်းကုန်ဖွင့်ထားမိ၏။ နားကိုလည်းအစွမ်းကုန်စွင့်ထားမိ၏။
ခြေလှမ်းကိုလည်း တတ်နိုင်သမျှ ဖြေးဖြေးချင်းလှမ်း၏။
နောက်ဆုံးမှာတော့ အောင်မင်းက ကျွန်တော့်ပုံစံကို အားမလိုအားမရကြည့်ပြီး အသံပြဲကြီးဖြင့်ထအော်တော့၏။
``ဟေ့ကောင် အောင်ကို၊ မင်းကိုဘယ်မြွေမှမကိုက်ဘူး ၊အဲဒီလောက်သူရဲဘောကြောင်မနေနဲ့ ၊လာ
မြန်မြန်လာ ´´
အောင်မင်း ဘာတွေပြောပြော၊ ကျွန်တော်ကတော့ သတိတရားအပြည့်ထားကာ ဖြေးဖြေးချင်း လျှောက်မြဲလျှောက်နေမိ၏။
ဟုတ်သည်လေ၊
သည်လမ်းနှင့် သည်လမ်းဝန်းကျင်ကို မည်မျှပင်သန့်ရှင်းပြောင်လက်အောင် ကြိုးစားထားသည်ဟု
ဆိုဆို၊
မိမိကိုယ်တိုင်လည်း မည်မျှပင်ဂရုစိုက်ပြီးလျှောက်ပါတယ် ပြောပြော၊
အမှောင်လမ်းထက် လျှောက်လှမ်းနေရသောလူတစ်ယောက်အတွက် မြွေပါးကင်းပါး မတွေ့ရ မကြုံရပါဘူး
လို့ မည်သူက အတိအကျအာမခံနိုင်မှာမို့လို့လဲ။
ဒီဇာတ်လမ်းလေးကို အသုံးပြုခွင့်ပေးတဲ့ ကိုအေးကို(ပေါင်းတလည်)နဲ့ လာရောက်အားပေးဖတ်ရှုကြတဲ့ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ်။
ရဲရင့်ကိုကို
No comments:
Post a Comment